ကဲကဲ… အပိုင်း(၁) တုန်းက AutoCAD 2014 သုံးပြီး External Reference/Background/Underlay ထည့်တာကိုပြောခဲ့တယ်။ ပြီးသွားတော့ အပိုင်း(၂) ရောက်လာတော့လည်း ဝေ့လည်ချောင်ပတ်နဲ့ ဒီအကြောင်းကိုပဲ AutoCAD 2008 သုံးပြီးပြပြန်ရော။ ပြီးတော့နောက် အပိုင်းတွေမှာ ဟိုဟာပြောပြမယ် ဒီဟာပြောပြမယ် လေကြီးမိုးကြီး မျှော်လင့်ချက်တွေပေးပြီးတော့ မေလ ၁၃ရက်နေ့လည်းက ပျောက်သွားလိုက်တာ နှစ်ပတ်ကျော်တဲ့ ဒီကနေ့အထိပါပဲ။ အလုပ်က ရှုပ်ရှုပ်မရှုပ်ရှုပ်၊ ရှုပ်ချင်ယောင်ဆောင်လိုက်တာပဲ… 😛
ကဲ… ဆိုပါတော့… Scale with Reference, Rotate with Reference အကြောင်းလေး စလိုက်ရအောင်။ ပုံမှန် အရာဝတ္ထုတစ်ခုကို Scale ချုံ့၊ ချဲ့ချင်ရင် အဲ့ Object ကို Select လုပ်၊ SC->Enter… Base Point ကလစ်ချပြီး လိုချင်တဲ့ Scale ဂဏန်း ရိုက်ထည့်လိုက်ရင် ကိုရွေးခဲ့တဲ့ Base Point ကို ဗဟိုပြုပြီး လိုချင်တဲ့ ဆိုဒ် ချုံ့ချဲ့ဖြစ်သွားရော။ ဒါက AutoCAD သုံးတဲ့သူတော်တော်များများသိပါတယ်။ ဒါပေမဲ့ တော်တော်များများနေရာမှာ အသုံးဝင်နိုင်တဲ့ Scale with Reference ကို မေ့နေတာတို့ တစ်ချို့သင်တန်းတွေဆိုရင် သင်တောင်မသင်ပေးကြဘူး တို့ ဖြစ်ပါတယ်။
SCALE WITH REFERENCE
Scale with Reference ဆိုတာက ဒီအမှတ်ကနေ၊ ဒီအမှတ်အထိက အလျား ဘယ်လောက်ရှိပါတယ်ဆိုတာ ပြောလိုက်ရုံနဲ့ ပုံက သူ့အလျားအတိုင်း ချုံ့ချဲ့ သူ့ဟာသူလုပ်သွားလိမ့်မယ်။ ဘယ်နှဆတွေ ဘာတွေသိဖို့မလိုဘူး။ ပြန်တွက်နေစရာလဲမလိုဘူးပေါ့။ Command ကလဲ အခက်ကြီးမဟုတ်ပါဘူး။ SC->Enter… Base Point ကိုကလစ်ချ၊ R–>Enter… အကွာအဝေးသိတဲ့အမှတ် ၂ခုကို တစ်ချက်စီ ကလစ်ချပြီး သိတဲ့ အကွာအဝေး (အလျား) ကို ရိုက်ထည့်လိုက်ရင် ပုံက ချုံ့ချဲ့ လုပ်သွားပါလိမ့်မယ်။ ခုနက Point ၂ခုရဲ့ အကွာအဝေး ကို Dimension ပြန်တိုင်းကြည့်ပါ။ ကိုယ်လိုချင်တဲ့ အကွာအဝေးဖြစ်သွားပါလိမ့်မယ်။
တစ်ခုသတိထားစေချင်တာ AutoCAD နဲ့ ပုံဆွဲတိုင်း Drawing Unit ကိုသတိထားပေးဖို့ပါ။ ခုနကပြောတာတွေ မရှင်းမှာစိုးလို့ ပုံနဲ့ပြပါမယ်။ အပိုင်း ၁၊ ၂ က ပြောသလို ပုံတစ်ပုံ ကို AutoCAD ထဲ Reference လုပ်ဖို့ ထဲ့ထားပါတယ်။
ဒီထည့်ထားတဲ့ပုံမှာ Frame Spacing လေးတွေပါပါတယ်။ တစ်Frame နဲ့ တစ်Frame ဟာ ၂ပေ (609.6mm) ကွာတယ်ကို ကြိုသိထားပါတယ်။ ဒါပေမယ့် Scan ဖတ်ထားတဲ့ပုံကို ထည့်ပြီး Dimension တိုင်းကြည့်တော့ ၆.၉၀၄၃ မီလီမီတာပဲရှိတယ်။
ပုံ(၂)
ဒါဆိုချဲ့ရမှာပေါ့။ ဘယ်နှဆချဲ့မလဲဆိုတော့ (609.6/6.9043=88.29280304 ဆ) ချဲ့ရမှာပေါ့။ တွက်ရတာရှုပ်တယ်။ တွက်ရမှာမရှုပ်ရင်တောင်မှ အတိအကျလိုချင်ရင် အဆကို ဂဏန်းအကုန်ရိုက်နေရမှာ ရှုပ်တယ်။ Reference နဲ့ချဲ့မယ်။ Command မှာ “sc” ရိုက်ပြီး Enter ခေါက်မယ်။ ချုံ့ချဲ့ချင်တဲ့ Object (အခုဒီမှာဆိုရင်တော့ Background ထည့်ထားတဲ့ပုံ) ကို select လုပ်ပါမယ်။
ရွေးပြီးရင် Enter ခေါက်ပါ။ Base Point ပေးပါ (ဗဟိုပြုချဲ့ချင်တဲ့နေရာ ကို ကလစ်တစ်ချက်ချလိုက်ပါ)။
ပြီးရင် Reference နဲ့လုပ်မှာဖြစ်တဲ့အတွက် “r” ရိုက်ပြီး Enter ခေါက်ပါ။ Specify Reference Length လို့မေးပါလိမ့်မယ်။ Frame နှစ်ခုကြားကို တစ်ချက်စီ ကလစ်ခေါက်ပါ။ (ပထမတစ်ချက်ခေါက်ပြီးရင် Specify Second Point လို့ပေါ်လိမ့်မယ်၊ ဒုတိယတစ်ချက်ခေါက်ပါ) ဒီပုံမှာဆိုရင်တော့ ၄၆ ရှိတဲ့လိုင်းပေါ်တစ်ချက် ၄၇ ရှိတဲ့လိုင်းပေါ်တစ်ချက်ခေါက်လိုက်ရင်ဖြစ်တယ်။ အဲ့လိုခေါက်ပြီးရင် Specify New Length လို့ပေါ်လာမယ်။ ဒီမှာ ဒီpoint နှစ်ခုကြားက ၆၀၉.၆ ရှိမယ်ဆိုတာသိထားတော့ 609.6 ရိုက်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် ချဲ့ပြီးသွားပါပြီ။ Zoom Out လုပ်ပြီး ပြန် Dimension တိုင်းကြည့်ပါ။ ခန့်မှန်းချေ တူညီပါလိမ့်မယ်။ Click ချတာပေါ်မူတည်ပြီးတော့ အနည်းနဲ့အများ Error တော့ရှိနိုင်ပါတယ်။ ဒီလိုချဲ့ပြီးပြီဆိုရင် ထပ်ဆွဲမယ်ဆိုလဲ ထပ်ဆွဲ၊ တိုင်းစရာရှိတာဆိုလဲ စတိုင်းလို့ရပြီပေါ့ဗျာ။
Rotate with Reference လဲဒီလိုပဲ သုံးတာပါပဲ။ Scan ဖတ်တဲ့အခါ ပုံအားလုံးက အညီမထွက်လာနိုင်ဘူးလေ။ စောင်းတာ ရွဲ့တာ အနည်းနဲ့ အများတော့ ရှိမှာပဲ။ ဒါကို ပြန်တည့်ပေးရမှာပဲလေ။ Drawing တွေကို Scan ဖတ်တဲ့အခါ ပုံကြီးတစ်ပုံထဲ ပြန်ထွက်လာခဲတယ်။ အပိုင်းပိုင်း ဖြတ်ပြီး ပြန် Scale ချဲ့ ပြန် Rotate လုပ်ပြီး ပုံတွေကို ပြန်ထပ်ယူရလေ့ရှိတယ်။ ဒီလိုအခြေအနေတွေမှာ Scale with Reference နဲ့ Rotate with Reference က အလွန်အသုံးဝင်ပါတယ်။
Rotate with Reference
ကိုလည်း ပုံနဲ့ သေချာရှင်းပြပေးပါဦးမယ်။
အချိန်ပေးဖတ်ရှုသည့် အတွက်ကျေးဇူးတင်ပါတယ်။ မရှင်းတာရှိရင် မေးနိုင်ပါတယ်။ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် ပြန်ရွှီး… အဲ့လေ… ပြန်ဖြေပေးတာပေါ့ဗျာ။ ကျွန်တော်လည်း တတ်နိုင်သလောက် posts တွေတင်ပေးပါ့မယ်။ တစ်ယောက်ထဲဆိုတော့ အားမှပဲရေးဖြစ်တယ်ဗျာ။ အမှားပါရင်ခွင့်လွှတ်ဖို့နဲ့ Post သိပ်မတင်ဖြစ်ရင် ခွင့်လွှတ်ပေးဖို့ တောင်းပြန်ချင်ပါတယ်ဗျာ။
ကျေးဇူးအထူးပါ။
ထိုက်အောင်ကျော်