အာ.ဗီ. ဧရာဝတီကွင်း နှင့် အလုပ်သင်အင်ဂျင်နီယာပေါက်စ ကျွန်တော်… အပိုင်း(၃)

အပိုင်း(၁)မှာတုန်းက အာ.ဗီ. အေကြူ ကို ရောက်ခဲ့ပြီးမှ အပိုင်း(၂)လည်းကျရော ရုံးမှာပြောခဲ့တယ့် Project Management/Project Planning ဆီပြန်ဆွဲခေါ်သွားတော့ မဖတ်ချင်ဖတ်ချင်နဲ့ပဲ ဖတ်လိုက်ရမယ်ထင်ပါတယ်။ ကျေးဇူးပဲ… ဟဲဟဲ…။

ကိုပြည့်ဝေအောင်နဲ့ ဒေါပုံသင်္ဘောကျင်းက သင်္ဘောရှိတဲ့နေရာကို ရုံးကနေလိုင်းကားနဲ့ သွားခဲ့ကြတယ်။ ကိုပြည့်ဝေအောင်ကိုပဲရှေ့ကသွားခိုင်းပြီး (သွားခိုင်းရမှာပေါ့… ကိုယ်မှနေရာမသိတာ)နောက်ကခပ်တည်တည်နဲ့ (အမှတ်တကယ်ကတော့ ကုတ်ကုတ်ကုတ်ကုတ်နဲ့) တကောက်ကောက်လိုက်သွားတယ်။ ဒေါပုံ DMA ရုံးအကျော်က ဘောလုံးကွင်းတွင်ဘောလုံးမကန်ရ ဆိုတဲ့ ထူးဆန်းတဲ့ဆိုင်းဘုတ်ကပ်ထားတဲ့ ကွင်းကြီးအလွန်၊ Canteen တွေအကျော်၊ ဘဲငန်းတွေအကျော် (အဲ့ဘဲငန်းတွေက လိုက်စိပ်မလိုအမြဲလုပ်တယ်။ ကြောက်ချာကြီး) မှာ နီနီရဲရဲ ခံဆေးသုတ်ထားတဲ့ ပေ ၂၀၀ သင်္ဘောကြီးကို စတွေ့ရပါရော။

ခုနက ပထမပိုင်းမှာပြောခဲ့တဲ့ ကျွန်တော့ထက် အရင်အလုပ်ရသွားတယ်ဆိုတယ့် PH Major က ကျွန်တော့်သူငယ်ချင်းအရင်းခေါက်ခေါက် အရှည်ကြီး ဟိန်းပြည့်စိုး နဲ့ သူ့သူငယ်ချင်းတွေ အလုပ်လုပ်နေတဲ့ Site ဖြစ်နေတယ်။ ခဏလောက် ဟေးဟား ပြောပြီး ကိုပြည့်ဝေအောင်ဝင်သွားတဲ့ အခန်းလေးထဲလိုက်ဝင်ခဲ့တယ်။ အဲ့အခန်းလေးရဲ့အခြေက သံနဲ့လုပ်ထားတဲ့သုတ်ဆေးပုံးကြီးတွေနဲ့ စည်ပိုင်းအပြတ်တွေထဲ L-4″x4″x8mm အချောင်းကိုစိုက် ပုံးထဲကွန်ကရစ်လောင်းထည့်ပြီး ပေ၂ဝကွန်တိန်နာပုံး အောက်ခြေကို တွဲထားတယ်။ လှေခါးကိုလဲ သံတိုသံစလေးတွေနဲ့တွဲပြီးဆောက်ထားတယ်။ ခိုင်တော့ခိုင်ပါတယ်။ ကွန်တိန်နာဘောက်စ်မှာ တံခါးနဲ့ မှန်လေးတွေဖောက်ထားပြီး အဲကွန်းတစ်လုံးတပ်ထားပေးတယ်။

ပြောရရင်တော့ စတိုခန်းပေါ့။ အခန်းက သိပ်မကျယ်လှဘူး။ ပေ၂၀ ကွန်တိန်နာပုံးကို တစ်ဝက်ဝက်ထားတယ်။ အဲကွန်းတပ်ထားပေမယ့် မီးအားမငြိမ်တာ၊ မီးပျက်တာနဲ့ နွေရာသီ နေချိတ်ချိတ်တောက်ပူတာက ကိုးရီးယားက Sauna (ချွေးထုတ်ခန်း) နဲ့ ထူးမခြားနားပါပဲ။ မီးချောင်းကလဲ ၂ချောင်းတတ်ထားတော့ ပူတာတအားပဲ။ ချွေးထုတ်ခန်းနဲ့ တူသွားအောင် နောက်နေ့ မျက်နှာသုတ်ပဝါနဲ့ ကြက်ဥအစိမ်း ယူလာရင်ကောင်းမလားတောင် တွေးမိတယ်။ ကြက်ဥက အပြုတ်ယူလာစရာမလိုဘူး။ အဲ့ထဲ ၅မိနစ်လောက်ထည့်ထားရင် Auto ကျက်သွားလိမ့်မယ်။

နေရတာက စတိုခန်း၊ ပစ္စည်းတွေကို လက်မှတ်ထိုးထိုး ပြီးလာလာထုတ်ကြတာ။ ထုတ်ပေးတဲ့လူကလည်း အမြဲမရှိတော့၊ ကိုယ်ကလည်း အဝင်အထွက် ခဏခဏလုပ်ရတာနဲ့ ကြားထဲက ပစ္စည်းပျောက်သွားလို့ လျော်ရမှာတော့ မျက်ခုံးလှုပ်သား။ ကိုယ်မရှိရင်လည်း ကိုယ့်လက်ပ်တော့က အဲ့အခန်းထဲပစ်ထားရတာလေ။ ပါသွားရင်တော့လှပြီ။ အလုပ်စဝင်ခါစက ကျွန်တော့်မှာ လက်ပ်တော့ကိုယ်ပိုင်မရှိတော့ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်နင်းကန်စွပ်ကလိလိုက်လို့ ကျွန်တော် 3rd Year မှာဝယ်ထားတဲ့ Compaq 515 လက်ပ်တော့ လေးက Final Year Project မတိုင်ခင်လေးတင်ပဲ လက်ပြနှုတ်ဆက်ကာ ထားရစ်သွားခဲ့တယ်လေ။

ကိုယ်လုပ်တဲ့ Naval Architect အလုပ်ကလည်း အခုခေတ်မှာ လက်ပ်တော့ မပါရင် သိပ်အလုပ်မဖြစ်ချင်ဘူး။ ဒါနဲ့ပဲ ကျွန်တော့်ညီအငယ်ကောင်ဆီက ၁၅လက်မ၊ Dell လက်ပ်တော့အလေးကြီးကို တစ်လ ၅၀၀၀၊ ၁၀၀၀၀ သူ့ကို မရှိတဲ့ မုန့်ဖိုးထဲက ခွဲပေးပြီး သူအဆင်သင့်ကြည့်ဖို့ Naruto တို့ Fairy Tail တို့ကို အင်တာနက်ဆိုင်ပြေးပြေးပြီး ကူးပေးပြီး ဖားရတာလည်း မလွယ်ကြောပဲ။

ထားပါတော့၊ ရှိစေတော့။ ဧရာဝတီကွင်းကို စရောက်တဲ့နေ့က ကိုပြည့်ဝေအောင်က သင်္ဘောပေါ်အရင်ဆုံးခေါ်သွားတယ်။ သင်္ဘောပေါ်ကအခန်းတွေလိုက်ပြတယ်၊ သင်္ဘောပေါ်က Outfitting ဝင်နေတာကို လိုက်ပြတယ်။ Flooring ဘယ်လိုခင်းတာလည်းဆိုတာ လိုက်ပြတယ်။ ကျွန်တော်မြင်တာကတော့ သံပြားအသေးလေးတွေကို Deck ပေါ်မှာ လိုက်ပြီး မျဉ်းတန်းထားတဲ့နေရာတွေမှာ လိုက်ချတယ်၊ ပြီးမှ Angle အသေးလေးတွေနဲ့ လိုက်တွဲပြီး အပေါ်ကသစ်သားထပ်ခင်းတာ။

ကျွန်တော်လုပ်ရမယ် Assignment ကိုပြည့်ဝေအောင်စပေးတယ်။ အဲ့ဒါကဘာလဲဆိုတော့…. အဟမ်း…. ၁၊ ၂၊ ၃၊…. လိုက်ရေတာ။ ဟုတ်တယ်ဗျ။ နောက်နေတာမဟုတ်ဘူး။ ၁ ပြီးရင် ၂ ၊ ၂ ပြီးရင် ၃၊ ၃ပြီးရင် ၄ ဆိုပြီးလိုက်ရေတာ။ ဘာတွေရေတွက်တာလည်းဆိုတော့ Deck ပေါ်မှာ ထောင်ထားတဲ့ L ပုံစံ Flanged ချိုးထားတဲ့ Member တွေ (L ချိုး)၊ Angle (ဟင်္ဂလန်)တွေ ကိုလိုက်ပြီးရေရတာ။ ဘာလုပ်တာလဲကတော့ Steel Weight ဘယ်လောက်တတ်ပြီးပြီလဲနဲ့ LCG, VCG, TCG ဘယ်နေရာမှာရှိနေပြီလဲ လိုက်မှန်းတာပါ။

အောက်မှာကတော့ ကျွန်တော်လိုက်မှတ်ထားတဲ့ Notes လေးတွေပါ။ သည်းခံပြီး စုတ်ပြတ်တဲ့လက်ရေးကို ရှုစားတော်မူကြပါစ ခင်ဗျား။

 

(Front အကွေးမှာ Angle ၄ခု၊ L ချိုး ၁ခု ရှိတဲ့ပုံကို ဓါတ်ပုံနဲ့ ပြန်ပြပေးတာပါ။ Sketch ထဲမှာလဲ တွေ့ရပါလိမ့်မယ်။) (ဒါကတော့ အရှေ့ဘယ်ဘက်ကပါ။ Sketch ထဲမှာတော့ Front-Side လို့ ရေးထားတယ်။ Angle 4 ချောင်း) (ဒါကတော့ Side(Wide)ပါ။ )

Side ကြားခံဆိုတာတော့ ကျွန်တော့မှာ ပုံမရှိတော့ဘူး။ သူက Pillar လိုမျိုးသုံးထားတာပါပဲ။ C-Channel ကို Lချိုးလာဆက်ပြီးသုံးထားတာ။

(ဒါက Side(Narrow)ပါ။ ဒါနဲ့ စကားမစပ်… အဲ့က ဆေးလိပ်မသောက်ရ၊ ကွမ်းတံတွေးမထွေးရဆိုတဲ့ စာရွက်တွေ ဘယ်သူတွေလိုက်ကပ်တယ်ထင်လဲ? Site ထဲမှာလုပ်နေတဲ့ ကျွန်တော့်သူငယ်ချင်း Engineer (PH)တွေလိုက်ကပ်ထားတာ။ Site ထဲမှာနေရင်တော့ အထက်က လုပ်ခိုင်းတာလုပ်ရမှာပဲလေ။ ဘယ်တပ်နိုင်မလဲ။) (Aft/Side-Aft)

ကဲ… ပျင်းနေပြီလား။ Main Deck အတွက်ပြီးပါပြီ။ ပုံတွေကို မကြည့်ချင်တော့ရင် လည်း Scroll Down သာဆွဲချသွားပါတော့ဗျာ။ ကျွန်တော်ကတော့ ရှိသလောက်ဆက် share လိုက်ဦးမယ်။ လာလေရော့ Upper Deck…

( ဒီနှစ်ပုံကတော့အပေါ်ထပ် နောက်ဖက်ဒေါင့်ချိုးကို ရိုက်ထားတာပါ။ နောက်ဖက်ကို အသိမ်းလေးနဲ့ ချိုးထားတယ်။) (ဒါတွေကတော့ နောက်ဖက်အချိုးကို ကနုတ်တွေနဲ့လုပ်ထားပါတယ်။ ကနုတ်ဆိုပေမယ့် ရိုးရိုးရှင်းရှင်း ကနုတ်ပါပဲ။ ကျွန်တော်ကတော့ ဒီလိုပုံစံမျိုးပဲကြိုက်တယ်။ အခုတော့ အဲ့ ကနုတ်တွေမရှိတော့ဘူး၊ Owner ကမကြိုက်လို့တဲ့။ လေးထောင့်ကြီးတွေဖြစ်သွားပြီ။ ပြောရရင်တော့ ဇာတ်လမ်းက အရှည်ကြီးပဲ။ ကျွန်တော့်သူငယ်ချင်း အရှည်ကြီးကို ပြောတာမဟုတ်ဘူးနော်… ဇာတ်လမ်းရှည်တာကိုပြောတာပါ။)

ကဲကဲ… Share စရာပုံလဲကုန်ပြီ။ ဘာမှ သေသေချာချာ နားမလည်လိုက်ဘူးမှတ်လား။ လည်ရင်လည်းလည်မှာပေါ့… ချာချာလည်တာလေ… အဟီး။ ဒီလိုပဲ ကျွန်တော်လဲ လိုက်ပြီးတော့ စာအုပ်တစ်အုပ်၊ ဘောပင်တစ်ချောင်း၊ ကင်မရာတစ်လုံးနဲ့ သင်္ဘောပေါ်တက်လိုက်ဆင်းလိုက် တစ်ယောက်ထဲတိုင်ပတ်နေတာပေါ့။ ဘာအတွက်လုပ်မှန်းလည်း သေချာမသိဘူး၊ နောက်တော့မှ သြော်… ဒါကWeight တွက်ဖို့ပါလားလို့သိတော့တယ်။

Weight ကိုဘယ်လိုတွက် LCG, VCG, TCG ကိုဘယ်လိုရှာမလဲဆိုတာတော့ သိပြီးသားဖြစ်ရင်ဖြစ်မှာပါ။ ကျွန်တော်ကတော့ နောက်တစ်ပိုင်းမှာ ဆက်ရေးပေးပါ့မယ်။ ဒီနေ့အဖို့ ဒီစာကို တင်ဖို့ကြိုးစားရင်း ပျက်ပျက်သွားလို့ ပြန်ပြန်ရိုက်တာ သုံးခါရှိပြီ။ ခါးလည်း အတော်လေးချိနေပြီ။ နောက်နေ့မှပဲ အလုပ်သင် site engineer လေးဘဝကို ဆက်ပါတော့မယ်ဗျာ။

အားလုံးကို ကျေးဇူးတင်ပါသည်။

ထိုက်အောင်ကျော်

 

htikeagkyaw

Recent Posts

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၂)

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁) ကို ဒီမှာသွားဖတ်နိုင်ပါတယ်။ အပိုင်း (၁) မှာ Domain Name အကြောင်း၊ Web…

6 နှစ် ago

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁)

Website တစ်ခုရေးတော့မယ်ဆိုရင် ကွန်ပျူတာ၊ Networking နဲ့ အင်တာနက် အကြောင်း အခြေခံသဘောတရားအနည်းငယ်တော့ သိထားရင်ပိုကောင်းပါတယ်။ မသိထားပေမယ့်လည်း ကိစ္စမရှိပေမယ့်လည်း အောက်မှာ ကျွန်တော်တတ်သလောက်မှတ်သလောက် ရှင်းပြထားတာကို ဖတ်ကြည့်ပေါ့။…

6 နှစ် ago

ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းပေးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ

အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက်…

8 နှစ် ago

ဝက်ဘ်ဆိုက်လိပ်စာပြောင်းလဲခြင်း

ထိုက်အောင်ကျော်ရဲ့ဘလော့ဂ်ကို လာရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော် စာစုများရေးသားခြင်းကို ၂၀၁၄ခုနှစ်မှစတင်ခဲ့ပြီး တတ်စွမ်းသ၍ ကျွန်ုပ်၏အားလပ်ချိန်များတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘလော့ဂ်ကို…

8 နှစ် ago

မီးအန္တရာယ်ကာကွယ်မှုနှင့် မြန်နှုန်းမြင့်လှေများ

(Ref: https://lshipdesign.blogspot.in/2014/11/fire-protection-and-high-speed-crafts.html) သင်္ဘောများအပေါ် မီးအန္တရာယ်ကင်းရှင်းစေမှုသည် သင်္ဘောသားများနှင့် ဒီဇိုင်နာများအတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အရွယ်အားဖြင့် သေးငယ်သည့်၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်မရှိ၍ အလျင်အမြန်နှင့်ပျက်စီးဆုံးရှုံးမှုများသည့် မြန်နှုန်းမြင့်လှေများတွင် ပို၍ဂရုစိုက်ရပေမည်။…

10 နှစ် ago

Project Management (Alison.com) – Part 8

ဒီဇိုင်းရေးဆွဲသည့်အဆင့် (Design Phase)ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ဒီဇိုင်းရေးဆွဲသည့်အဆင့်သည် စနစ်သစ်တစ်ခုကိုဒီဇိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ဤအဆင့်တွင် စနစ်သစ်အတွက် အချက်အလက်လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အနက်ဖွင့်ဆိုရပေမည်။ ပရောဂျက်အများစုတွင် ပြဿနာများကို  ပြေလည်အောင်ဖြေရှင်းနည်းအမျိုးမျိုးရှိသည်။ ဤအဆင့်တွင်…

10 နှစ် ago

This website uses cookies.