အပိုင်း(၁)မှာတုန်းက အာ.ဗီ. အေကြူ ကို ရောက်ခဲ့ပြီးမှ အပိုင်း(၂)လည်းကျရော ရုံးမှာပြောခဲ့တယ့် Project Management/Project Planning ဆီပြန်ဆွဲခေါ်သွားတော့ မဖတ်ချင်ဖတ်ချင်နဲ့ပဲ ဖတ်လိုက်ရမယ်ထင်ပါတယ်။ ကျေးဇူးပဲ… ဟဲဟဲ…။
ကိုပြည့်ဝေအောင်နဲ့ ဒေါပုံသင်္ဘောကျင်းက သင်္ဘောရှိတဲ့နေရာကို ရုံးကနေလိုင်းကားနဲ့ သွားခဲ့ကြတယ်။ ကိုပြည့်ဝေအောင်ကိုပဲရှေ့ကသွားခိုင်းပြီး (သွားခိုင်းရမှာပေါ့… ကိုယ်မှနေရာမသိတာ)နောက်ကခပ်တည်တည်နဲ့ (အမှတ်တကယ်ကတော့ ကုတ်ကုတ်ကုတ်ကုတ်နဲ့) တကောက်ကောက်လိုက်သွားတယ်။ ဒေါပုံ DMA ရုံးအကျော်က ဘောလုံးကွင်းတွင်ဘောလုံးမကန်ရ ဆိုတဲ့ ထူးဆန်းတဲ့ဆိုင်းဘုတ်ကပ်ထားတဲ့ ကွင်းကြီးအလွန်၊ Canteen တွေအကျော်၊ ဘဲငန်းတွေအကျော် (အဲ့ဘဲငန်းတွေက လိုက်စိပ်မလိုအမြဲလုပ်တယ်။ ကြောက်ချာကြီး) မှာ နီနီရဲရဲ ခံဆေးသုတ်ထားတဲ့ ပေ ၂၀၀ သင်္ဘောကြီးကို စတွေ့ရပါရော။
ခုနက ပထမပိုင်းမှာပြောခဲ့တဲ့ ကျွန်တော့ထက် အရင်အလုပ်ရသွားတယ်ဆိုတယ့် PH Major က ကျွန်တော့်သူငယ်ချင်းအရင်းခေါက်ခေါက် အရှည်ကြီး ဟိန်းပြည့်စိုး နဲ့ သူ့သူငယ်ချင်းတွေ အလုပ်လုပ်နေတဲ့ Site ဖြစ်နေတယ်။ ခဏလောက် ဟေးဟား ပြောပြီး ကိုပြည့်ဝေအောင်ဝင်သွားတဲ့ အခန်းလေးထဲလိုက်ဝင်ခဲ့တယ်။ အဲ့အခန်းလေးရဲ့အခြေက သံနဲ့လုပ်ထားတဲ့သုတ်ဆေးပုံးကြီးတွေနဲ့ စည်ပိုင်းအပြတ်တွေထဲ L-4″x4″x8mm အချောင်းကိုစိုက် ပုံးထဲကွန်ကရစ်လောင်းထည့်ပြီး ပေ၂ဝကွန်တိန်နာပုံး အောက်ခြေကို တွဲထားတယ်။ လှေခါးကိုလဲ သံတိုသံစလေးတွေနဲ့တွဲပြီးဆောက်ထားတယ်။ ခိုင်တော့ခိုင်ပါတယ်။ ကွန်တိန်နာဘောက်စ်မှာ တံခါးနဲ့ မှန်လေးတွေဖောက်ထားပြီး အဲကွန်းတစ်လုံးတပ်ထားပေးတယ်။
ပြောရရင်တော့ စတိုခန်းပေါ့။ အခန်းက သိပ်မကျယ်လှဘူး။ ပေ၂၀ ကွန်တိန်နာပုံးကို တစ်ဝက်ဝက်ထားတယ်။ အဲကွန်းတပ်ထားပေမယ့် မီးအားမငြိမ်တာ၊ မီးပျက်တာနဲ့ နွေရာသီ နေချိတ်ချိတ်တောက်ပူတာက ကိုးရီးယားက Sauna (ချွေးထုတ်ခန်း) နဲ့ ထူးမခြားနားပါပဲ။ မီးချောင်းကလဲ ၂ချောင်းတတ်ထားတော့ ပူတာတအားပဲ။ ချွေးထုတ်ခန်းနဲ့ တူသွားအောင် နောက်နေ့ မျက်နှာသုတ်ပဝါနဲ့ ကြက်ဥအစိမ်း ယူလာရင်ကောင်းမလားတောင် တွေးမိတယ်။ ကြက်ဥက အပြုတ်ယူလာစရာမလိုဘူး။ အဲ့ထဲ ၅မိနစ်လောက်ထည့်ထားရင် Auto ကျက်သွားလိမ့်မယ်။
နေရတာက စတိုခန်း၊ ပစ္စည်းတွေကို လက်မှတ်ထိုးထိုး ပြီးလာလာထုတ်ကြတာ။ ထုတ်ပေးတဲ့လူကလည်း အမြဲမရှိတော့၊ ကိုယ်ကလည်း အဝင်အထွက် ခဏခဏလုပ်ရတာနဲ့ ကြားထဲက ပစ္စည်းပျောက်သွားလို့ လျော်ရမှာတော့ မျက်ခုံးလှုပ်သား။ ကိုယ်မရှိရင်လည်း ကိုယ့်လက်ပ်တော့က အဲ့အခန်းထဲပစ်ထားရတာလေ။ ပါသွားရင်တော့လှပြီ။ အလုပ်စဝင်ခါစက ကျွန်တော့်မှာ လက်ပ်တော့ကိုယ်ပိုင်မရှိတော့ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်နင်းကန်စွပ်ကလိလိုက်လို့ ကျွန်တော် 3rd Year မှာဝယ်ထားတဲ့ Compaq 515 လက်ပ်တော့ လေးက Final Year Project မတိုင်ခင်လေးတင်ပဲ လက်ပြနှုတ်ဆက်ကာ ထားရစ်သွားခဲ့တယ်လေ။
ကိုယ်လုပ်တဲ့ Naval Architect အလုပ်ကလည်း အခုခေတ်မှာ လက်ပ်တော့ မပါရင် သိပ်အလုပ်မဖြစ်ချင်ဘူး။ ဒါနဲ့ပဲ ကျွန်တော့်ညီအငယ်ကောင်ဆီက ၁၅လက်မ၊ Dell လက်ပ်တော့အလေးကြီးကို တစ်လ ၅၀၀၀၊ ၁၀၀၀၀ သူ့ကို မရှိတဲ့ မုန့်ဖိုးထဲက ခွဲပေးပြီး သူအဆင်သင့်ကြည့်ဖို့ Naruto တို့ Fairy Tail တို့ကို အင်တာနက်ဆိုင်ပြေးပြေးပြီး ကူးပေးပြီး ဖားရတာလည်း မလွယ်ကြောပဲ။
ထားပါတော့၊ ရှိစေတော့။ ဧရာဝတီကွင်းကို စရောက်တဲ့နေ့က ကိုပြည့်ဝေအောင်က သင်္ဘောပေါ်အရင်ဆုံးခေါ်သွားတယ်။ သင်္ဘောပေါ်ကအခန်းတွေလိုက်ပြတယ်၊ သင်္ဘောပေါ်က Outfitting ဝင်နေတာကို လိုက်ပြတယ်။ Flooring ဘယ်လိုခင်းတာလည်းဆိုတာ လိုက်ပြတယ်။ ကျွန်တော်မြင်တာကတော့ သံပြားအသေးလေးတွေကို Deck ပေါ်မှာ လိုက်ပြီး မျဉ်းတန်းထားတဲ့နေရာတွေမှာ လိုက်ချတယ်၊ ပြီးမှ Angle အသေးလေးတွေနဲ့ လိုက်တွဲပြီး အပေါ်ကသစ်သားထပ်ခင်းတာ။
ကျွန်တော်လုပ်ရမယ် Assignment ကိုပြည့်ဝေအောင်စပေးတယ်။ အဲ့ဒါကဘာလဲဆိုတော့…. အဟမ်း…. ၁၊ ၂၊ ၃၊…. လိုက်ရေတာ။ ဟုတ်တယ်ဗျ။ နောက်နေတာမဟုတ်ဘူး။ ၁ ပြီးရင် ၂ ၊ ၂ ပြီးရင် ၃၊ ၃ပြီးရင် ၄ ဆိုပြီးလိုက်ရေတာ။ ဘာတွေရေတွက်တာလည်းဆိုတော့ Deck ပေါ်မှာ ထောင်ထားတဲ့ L ပုံစံ Flanged ချိုးထားတဲ့ Member တွေ (L ချိုး)၊ Angle (ဟင်္ဂလန်)တွေ ကိုလိုက်ပြီးရေရတာ။ ဘာလုပ်တာလဲကတော့ Steel Weight ဘယ်လောက်တတ်ပြီးပြီလဲနဲ့ LCG, VCG, TCG ဘယ်နေရာမှာရှိနေပြီလဲ လိုက်မှန်းတာပါ။
အောက်မှာကတော့ ကျွန်တော်လိုက်မှတ်ထားတဲ့ Notes လေးတွေပါ။ သည်းခံပြီး စုတ်ပြတ်တဲ့လက်ရေးကို ရှုစားတော်မူကြပါစ ခင်ဗျား။


Side ကြားခံဆိုတာတော့ ကျွန်တော့မှာ ပုံမရှိတော့ဘူး။ သူက Pillar လိုမျိုးသုံးထားတာပါပဲ။ C-Channel ကို Lချိုးလာဆက်ပြီးသုံးထားတာ။





ကဲ… ပျင်းနေပြီလား။ Main Deck အတွက်ပြီးပါပြီ။ ပုံတွေကို မကြည့်ချင်တော့ရင် လည်း Scroll Down သာဆွဲချသွားပါတော့ဗျာ။ ကျွန်တော်ကတော့ ရှိသလောက်ဆက် share လိုက်ဦးမယ်။ လာလေရော့ Upper Deck…








ကဲကဲ… Share စရာပုံလဲကုန်ပြီ။ ဘာမှ သေသေချာချာ နားမလည်လိုက်ဘူးမှတ်လား။ လည်ရင်လည်းလည်မှာပေါ့… ချာချာလည်တာလေ… အဟီး။ ဒီလိုပဲ ကျွန်တော်လဲ လိုက်ပြီးတော့ စာအုပ်တစ်အုပ်၊ ဘောပင်တစ်ချောင်း၊ ကင်မရာတစ်လုံးနဲ့ သင်္ဘောပေါ်တက်လိုက်ဆင်းလိုက် တစ်ယောက်ထဲတိုင်ပတ်နေတာပေါ့။ ဘာအတွက်လုပ်မှန်းလည်း သေချာမသိဘူး၊ နောက်တော့မှ သြော်… ဒါကWeight တွက်ဖို့ပါလားလို့သိတော့တယ်။
Weight ကိုဘယ်လိုတွက် LCG, VCG, TCG ကိုဘယ်လိုရှာမလဲဆိုတာတော့ သိပြီးသားဖြစ်ရင်ဖြစ်မှာပါ။ ကျွန်တော်ကတော့ နောက်တစ်ပိုင်းမှာ ဆက်ရေးပေးပါ့မယ်။ ဒီနေ့အဖို့ ဒီစာကို တင်ဖို့ကြိုးစားရင်း ပျက်ပျက်သွားလို့ ပြန်ပြန်ရိုက်တာ သုံးခါရှိပြီ။ ခါးလည်း အတော်လေးချိနေပြီ။ နောက်နေ့မှပဲ အလုပ်သင် site engineer လေးဘဝကို ဆက်ပါတော့မယ်ဗျာ။
အားလုံးကို ကျေးဇူးတင်ပါသည်။
ထိုက်အောင်ကျော်