အမိကျောင်းတော်ကြီး MMU ကနေ ဖေဖော်ဝါရီနှစ်ရက်နေ့ ၂၀၁၃ ခုနှစ်မှာ ကျွန်တော့်လက်ထဲ ဘွဲ့လက်မှတ်ကြီးထိုးပေးလိုက်တဲ့နေ့ကစပြီး တရားဝင် ဘွဲ့ရအလုပ်လက်မဲ့ကြီးဖြစ်ခဲ့ပါတယ်။ ဘွဲ့ယူတုန်းနဲ့ ဘွဲ့နှင်းသဘင်အပြီး ညစာစားပွဲမှာတော့ ရှေ့ဆက်ရမယ့် ဘဝခရီးကို တစ်ခဏ မေ့ပြီးပျော်ပျော်ပါးပါးနေခဲ့မိတယ်။ အဲ့ဒီ့အချိန်တင်မကပါဘူး၊ ဘွဲ့ယူပြီးတော့ ပုဂံကို တစ်ညအိပ် နှစ်ရက် မိသားစုနဲ့ တစ်ခါ၊ သူငယ်ချင်း တစ်ပြုံတစ်မနဲ့ ချောင်းသာကို သုံးညအိပ် လေးရက်တစ်ခါ ခရီးသွားပြီး ကိုယ့်ကိုယ်ကို ဘွဲ့ရအလုပ်လက်မဲ့ ဆိုတာ ပျော်ပျော်ကြီးဆက်မေ့နေခဲ့သေးတယ်။ ကြားထဲမှာ ခွေးကိုက်ခံရတဲ့အချိန်က လွဲရင် ကျန်တဲ့အဲ့အချိန်က တော်တော်ပျော်ဖို့ကောင်းပါတယ်။
ဒီလိုနဲ့ ဘာရယ်မဟုတ် ၁လကျော် ယောင်လို့ဝတော့မှ သူငယ်ချင်းတစ်ယောက် အလုပ်စဝင်တော့ ကိုယ်လဲအလုပ်လုပ်ရတော့မှာလားဆိုပြီး အလုပ်စရှာကြည့်တာပေါ့။ အဖေကတော့သင်္ဘောလိုက်ဖို့ တိုက်တွန်းတယ်။ ကိုယ်ကိုတိုင်ကလည်း Naval Architect လုပ်လုပ် Marine Engineer အနေနဲ့ ပဲသင်္ဘောတက်တက် အဆင်ပြေအောင်ဆိုပြီး (အမှန်တော့ ဘာမှမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို ဘာလုပ်ရမှန်းမပြတ်သားတာ) သင်္ဘောတက်ဖို့ သင်တန်းတွေလိုက်တက်ထားတာ လက်မှတ်တွေက စုံသလောက်ဖြစ်နေပြီးပြီ။ တစ်ကယ်လည်း သင်္ဘောတက်ဖို့ကုမ္ပဏီလျှောက် ဘာလျှောက် လုပ်ရတော့မယ်လည်းဆိုရော လုံးဝသင်္ဘောမလိုက်ချင်တော့ဘူး။ အဲ့ဒါနဲ့ပဲ ကျောင်းကဆရာမတွေကို အကူအညီတောင်းပြီး ဒီမှာလုပ်လို့ရမယ့် အလုပ်တွေလိုက်ရှာနေမိတယ်။
Singapore ထွက်ပြီး အလုပ်ရှာဖို့ကလည်း Singapore က S-Pass စကျပ်တဲ့အချိန်။ ကိုယ်ကိုတိုင်ကလည်း မစွန့်စားရဲသေးဘူး။ ကျောင်းမှာ Swiber လာပြီး Test and Interview လုပ်တုန်းကလည်း ကိုယ်က Short List ထဲပါပြီးမှ ပြုတ်ထားတဲ့လူလေ။ (ကြွားချက်က 9)… 😛 ဘယ်နားက Confidence ရှိဦးမှာလဲ၊ Work Experience ကလည်းမရှိသေးဆိုတော့။
ဒီလိုနဲ့ ဆရာမတွေကို နားငြီးအောင်အပူကပ်ပြီးတဲ့နောက် တီချယ် ဒေါ်ခင်ခင်မိုးက 6th Batch က ကိုသော်တာစိုးဦးနဲ့ လှိုင်သာယာသင်္ဘောကျင်းမှာလုပ်ဖို့ ချိတ်ပေးခဲ့တယ်။ ကိုသော်တာစိုးဦးကို ဖုန်းဆက်တော့ သူ့လူကြီးကိုမေးပြီး ပြန်ပြောပေးပါတယ်။ အဆင်မပြေလောက်ဘူးဆိုပြီး ကိုဘဟိန်း (6th Batch) ကိုလှမ်းချိတ်ပေးပါတယ်။ ကိုဘဟိန်းက သိမ်ဖြူသင်္ဘောကျင်းမှာတော့ အခုလောလောဆယ် သိပ်အဆင်မပြေသေးဘူးဆိုပြီး သာကေတရုံးကိုသွားဖို့ ကိုစိုးအောင် (6th Batch) ကို ထပ်ချိတ်ပေးပါတယ်။ ဒါနဲ့ပဲ ကိုစိုးအောင်ကို လှမ်းပြီးဖုန်းဆက်တော့မှ မတ်လ ၁၁ရက်နေ့ ၂၀၁၃ခုနှစ်မှာ မင်းဒင်မှတ်တိုင်၊ သုဝဏ္ဏ ကို လာခဲ့ပါတဲ့။ ဒီလိုနဲ့ပဲ မြို့မှာနေတဲ့ တောသားလေး ကျွန်တော်ဟာ ယောင်တောင်ပေါင်တောင်နဲ့ပဲ အဲ့နေ့မနက် မင်းဒင်မှတ်တိုင်ကို ရောက်သွားပါလေရော။
နဂိုလည်းက မျက်နှာနဲ့ ရုပ်နဲ့ နာမည်နဲ့ လူနဲ့ တွဲမှတ်တာ ညံ့တဲ့ကျွန်တော်၊ ကိုစိုးအောင်ဆိုတာ ဝလား၊ ပိန်လား၊ အရပ်မြင့်လား၊ အရပ်ပုလား၊ ဘယ်လိုရုပ်မျိုးမှန်းမသိ၊ ကျောင်းမှာသာမြင်ဖူးရင်မြင်ဖူးမှာ တစ်ကယ်တွေ့ရမယ်ဆိုတော့ ဘယ်လိုရုပ်မျိုးလည်း ဇဝေဇဝါနဲ့ ဖြစ်ချင်ရာဖြစ်ကွာဆိုပြီး အဲ့နေ့မနက် မင်းဒင်မှတ်တိုင်ကို ရောက်သွားရော။ ကံကောင်းချင်တော့ မှတ်တိုင်မှာ ကားပေါ်ကဆင်းရော ဆိုက်ကားတိုက်ရော… အဲဟုတ်ပေါင်၊ ကျောင်းမှာမြင်ဖူးတဲ့ အစ်ကိုကြီးတစ်ယောက်နဲ့ဒဲ့တိုးရော။
ကိုယ်လည်းရွှီးရွှမ်းနဲ့ ကိုစိုးအောင်လို့လှမ်းခေါ်လိုက်တော့၊ အေး… ညီ၊ ရောက်ပြီလားတဲ့။ တော်သေးတာပေါ့… လူမှားခေါ်ရင် သောက်ရှက်က ကွဲဦးမယ်။ လာကွာ လက်ဖက်ရည်ဆိုင်ခဏဝင်မယ်တဲ့ဆိုပြီး လက်ဖက်ရည်ဆိုင်ထဲက လူနှစ်ယောက်ရှိတဲ့ ဝိုင်းထဲဝင်ထိုင်တာပဲ။ ရုပ်တည်ကြီးတွေနဲ့ လက်ဖက်ရည်သောက်၊ ဆေးလိပ်ကြီးခဲနေကြတယ်။ ကြောက်ချာကြီး… 😛
ကိုစိုးအောင်က မိတ်ဆက်ပေးတယ်၊ ဒါပေမဲ့ ထုံးစံအတိုင်းပဲ ထိုက်အောင်ကျော်တို့က လူနဲ့ နာမည်နဲ့ ချက်ခြင်း မေ့ထည့်လိုက်တာပဲ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ဆိုပြီး ရုပ်တည်တဲ့လူနှစ်ယောက်ကို ကျွန်တော့်နာမည် မိတ်ဆက်လိုက်တယ်။ (ကိုသက်ထွန်းအေးနဲ့ ကိုစိုးသီဟထင်တယ် အဲ့နေ့က)
မှတ်မိတာတော့ လက်ဖက်ရည်တစ်ခွက် ဖလာကြိတ်လိုက်ရတာပဲ… ဟီးဟီး…
ကိုစိုးအောင်ပဲရှင်းတယ်။ တက္ကစီလေးတစ်စီးငှားပြီး လေးယောက်သား သာကေတထဲက တိုင်းရင်းသားကျေးရွာနားက ဘယ်နေရာမှန်းမသိတဲ့ ရုံးကို ရောက်လာကြတယ်။ (တက္ကစီဖိုးလည်း ကိုစိုးအောင်ပဲရှင်းတယ်။ နီးနီးလေးကို ၂၀၀၀ တောင်ပေးရတယ်။) ရုံးရောက်တော့ အစ်ကိုနောက်တစ်ယောက်နဲ့ထပ်တွေ့တယ်။ တိုက်အောက်မှာ တံခါးမဖွင့်သေးလို့စောင့်နေတာ။ ကိုစိုးမိုးသူ (6th Batch)။ စုစုပေါင်း ရုံးမှာ Senior NA ၁ဝယောက်လောက်ရှိမှန်း အဲ့ရောက်မှသိတယ်။
အဲ့နေ့က ဆရာဦးချာလီသန်း (ပါမောက္ခချုပ်-ငြိမ်း) က သူ့ Mac Book Air ကြီးနဲ့ Project Planning/Project Management အကြောင်း ပါဝါပွိုင့်ကြီး ထိုးပြီး ရှင်းပြသွားတယ်။ အဲ့နေ့က ရုံးကို ကိုဇာနည်ကို၊ ကိုပြည့်ဝေအောင်၊ ကိုစိုးအောင်၊ ကိုဘဟိန်း၊ ကိုမြတ်ထွဋ်၊ ကိုစိုးသီဟ၊ ကိုစိုးမိုးသူ (အခုမှ နာမည်တွေသိတာ၊ တစ်နှစ်နီးပါး ကြာခဲ့ပြီမို့ ကျန်ခဲ့တဲ့လူရှိရင် တောင်းပန်ပါတယ်။) တို့လာတယ်။ ဆရာကြီး စာရှင်းပြနေတုန်း ထိုက်အောင်ကျော်တို့ ပလတ်စတစ်ခုံမှာထိုင်တာ ထိုင်ခုံကျိုးကျပြီး ပက်လက်လန် သောက်ရှက်ကွဲတာ ရုံးတက်ပထမနေ့ရဲ့ ဘယ်လိုမှမေ့လို့မရတဲ့ အမှတ်တရတစ်ခုထဲမှာပါတာပေါ့။
ရှင်းပြတဲ့ Project Management/ Project Planning အကြောင်း အနည်းငယ်ကိုတော့ နောက်အပိုင်းမှာ ရေးပေးမယ်။ အစည်းအဝေးလေး၊ စာရှင်းပြတာလေးပြီးတော့ အောက်က ထမင်းဆိုင်ပေါက်စနမှာ နေ့ခင်းစာကို ထမင်းသုတ်၊ ကြက်ဥကြော်နဲ့ ရဝဝဖိုးတီးခဲ့တာလဲ မမေ့ဘူး။ ထမင်းစားပြီးတော့ ဆိုင်ရာဆိုင်ရာ သင်္ဘောကျင်းတွေပြန်ကြဖို့လုပ်တော့ ကိုဇာနည်ကို (4h Batch) က ဒီကောင်ရုံးမှာထားရင် ဘာမှသိပ်သိဦးမှာမဟုတ်ဘူး၊ သင်္ဘောကျင်းထဲက ဘယ်သူ့သင်္ဘောကျင်း ကိုလွှတ်ပေးရင် အခုလောလောဆယ် အဆင်ပြေမလဲဆိုတော့ ကိုပြည့်ဝေအောင်က သူလုပ်နေတဲ့ ဒေါပုံသင်္ဘောကျင်း (အာ.ဗွီ. ဧရာဝတီကွင်း) မှာ အဆင်ပြေပါတယ် ဆိုတော့ ကိုပြည့်ဝေအောင်နဲ့ အာ.ဗွီ. အေကြူ ကို လိုက်သွားတယ်။
ဒီလိုနဲ့ပဲ မောင်ထိုက်အောင်ကျော်တစ်ယောက် အလုပ်သင်အင်ဂျင်နီယာလေးအနေနဲ့ပဲ အာ.ဗွီ.ဧရာဝတီကွင်းဆိုတဲ့ ၆၁မီတာရှည်တဲ့ မြစ်တွင်းသွားအပျော်စီးသင်္ဘောကြီး တည်ဆောက်တဲ့နေရာသို့ ယောင်နနနဲ့ပဲ ရောက်ခဲ့ပါကြောင်း….
ဆက်ရန်…
ထိုက်အောင်ကျော်