ကျွန်တော်ဟာ စာဖတ်တဲ့အလေ့အကျင့်သိပ်မရှိတော့ စာအုပ်ကိုင်လိုက်တာနဲ့ အိပ်ပျော်လေ့ရှိပါတယ်ဗျာ။ ကျောင်းစာအပြင် အပြင်စာ တော်တော်ဖတ်ခဲတယ်ဗျ ။ ဒါပေမယ့် နောက်ပိုင်း ကိုယ်ကိုယ်တိုင် စာမဖတ်ပဲ ဘာမှမဖြစ်လာနိုင်ဘူး၊ ဘာမှသိနိုင်မှာမဟုတ်ဘူးဆိုတာ အသက်ကြီးလာတော့ တဖြည်းဖြည်းသိလာတယ်။ အဲ့ကျမှကမန်းကတန်း စာဖတ်တဲ့အလေ့အကျင့်ပြန်မွေးရတာ လွယ်ကူလှတယ်တော့မဟုတ်ဘူးဗျ။ အချိန်မရှိတဲ့အထဲလုယက်ပြီးဖတ်ရတယ်။ ဒါပေမယ့် လူ့စိတ်က မျောက်စိတ်ထက်ဆိုးတယ်။ ခုစာဖတ်မယ်စာအုပ်ကိုင်တယ်၊ ပြီးရင်တခြားတစ်ခုလုပ်မိနေပြန်ရော။ ဖုန်းနဲ့ ဖတ်မယ်လုပ်ရင် ပိုဆိုးတယ်။ ဖုန်းနဲ့ တက်ဘလက်နဲ့ စာဖတ်မယ်ပေါ့… ကောက်ကိုင်လိုက်တယ်။ ပြီးရင် အလိုလိုလက်က Mobile Data On ပြီး အဲ့ အပြာရောင်ပေါ်က အဖြူရောင်အကောက်လေး ကို နှိပ်နှိပ်ပြီး ဖုန်းမျက်နှာပြင်ကို ပွတ်ပွတ်မိနေတဲ့ အချိန်က တစ်နေ့တစ်နေ့မနည်းဘူးဗျ။ ကွန်ပြူတာနဲ့လည်း မထူးပါဘူးဗျာ။ Log In ဝင်ပြီးတာနဲ့ Browser ဖွင့်ပြီး “ F” ဆိုတာကိုပဲစရိုက်မိတယ်။ ဒီဖွဘုတ်ပေါ်ကို ပဲရောက်ရောက်သွားတယ်။

ကျွန်တော်ပြောပါတယ်။ မျောက်စိတ်ဆိုတာ။ အခုလည်း တတ်ထားတော့ Project Management လေးဘာလေးနဲ့ ကြီးကြီးကျယ်ကျယ်လာပြောနေပြီး အောက်မှာ လေထိုင်ဖောနေတာ ခင်ဗျားလည်း လိုက်ဖတ်နေမိတယ်မဟုတ်လား။ တစ်ကယ်စပြောကြည့်ပါလား အဲ့ ပရောဂျက်မန်းနေ့ဂမန့်ဆိုတာကြီးကို… ၂ကြောင်းလောက်ဖတ်ပြီး မဖတ်ချင်တော့ဘူးကွာဆိုပြီး ပိတ်ပြစ်မိမှာပါပဲ။

လေဖောလက်စနဲ့ ဆက်ဖောလိုက်ဦးမယ်။ ကျွန်တော်အလုပ်ထွက်ပြီး (အဲ့ဒါလည်း မျောက်စိတ်…) အားသွားတော့ ယောင်နေမယ့်အတူတူဆိုပြီး အွန်လိုင်းမှာ ဟိုရှာဒီရှာနဲ့ ဒီ ALISON ဆိုတဲ့ Website လေးသွားတွေ့တယ်။ E-Learning, Free Certified Learning ဆိုဒ်လေးပါ။ (www.alison.com) Field အများကြီး အတွက် Course တွေအများကြီးပဲ… သူကနှစ်မျိုးရှိတယ်။ Certificate ပဲပေးတဲ့ဟာနဲ့ Diploma တန်းနဲ့ ၂မျိုးရှိတယ်။ ပထမဟာကတော့ အချိန်နဲနဲပဲပေးရုံနဲ့ ရတယ်။ Diploma ကတော့ အချိန်ပိုပေးရတယ်။ Assessment တွေရှိတယ်။ အဲ့အဆင့်တွေအကုန်လုံးပြီးမှ သူက Pass ဖြစ်တယ်သတ်မှတ်ပါတယ်။ အဲ့အထိ အားလုံးက Free လေ့လာလို့ရပါတယ်။ ဘွဲ့လက်မှတ်လှမ်းမှာ၊ Certificate လှမ်းမှာမှသာ ပိုက်ဆံတောင်းတာပါ။ အရိုးသားဆုံးဝင်ခံပါရစေ။ ကျွန်တော်လည်း အခုမှတွေ့ပြီး လေ့လာနေတာဆိုတော့ ကျွန်တော့်မမေးပါနဲ့။ အခုမှ စပြီးစမ်းကြည့်နေတာ။ အလုပ်ဖြစ်မဖြစ်တော့မသိဘူး။ စာတော့ဖတ်ဖြစ်တယ်။

အဲ့လိုနဲ့ပဲ ဒီ Project Management ဆိုတဲ့ Diploma Course ကိုတွေ့ပြီး လေ့လာနေပါတယ်။ လေ့လာရင်း တစ်လက်စတည်းဆိုပြီး တတ်သမျှ မှတ်သမျှကို ဘာသာပြန်ပြီး Blog ပေါ်မှာတင်ပေးချင်လာတာနဲ့ ဒါကို လေ့လာရင်း ဘာသာပြန်ခဲ့တယ်။ အခုမှ တစ်ပတ်ပဲရှိသေးတယ်။ ကျွန်တော်စလုပ်တာ။ Project Management က စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်တို့ ကျောင်းမှာသင်ခဲ့ရတာနဲ့ ဘာမှမဆိုင်ပေမယ့် ဘယ်အလုပ်မှာဖြစ်ဖြစ် Project Management ဆိုတဲ့ စကားကို ကြားရပါလိမ့်မယ်။ ဘာမှန်းသာမသိတာ အဲ့ဟာကြီးက ကြားကြားနေရတာ။ အလုပ်မှာမှမဟုတ်ပါဘူး။ ပွဲတွေကျင်းပရင်လည်း ကြားရမှာပဲ။ ထားပါတော့။ ဒီကြားနေကြ အကောင်က ကြီးလားသေးလား၊ ဖြူလားမည်းလားမသိတော့ မသိဘူးပဲထားလိုက်တာပေါ့…

အေးလေ… သိမှမသိတာ မသိဘူးပဲထားရမှာပေါ့…

ဘာပဲပြောပြောဗျာ။ သိထားရင် ပိုကောင်းတာပေါ့။ မဟုတ်ဘူးလား။ အခု Alison.com မှာပြောထားတဲ့ Project Management က IT Field ဘက်ကို အသားပေးပြီးရှင်းပြထားတယ်။ ဒါပေမယ့်လည်း သဘောတရားကအတူတူပဲဟာ။ ကိုယ်လိုတဲ့ဘက် ဆွဲသုံးမှာပေါ့။ ကျွန်တော်လည်း ထပ်ပြောလိုက်ပါဦးမယ်။ တတ်လွန်းလို့ရေးတာမဟုတ်ပါ။ အခုမှလေ့လာနေတယ်လို့ပြောပါတယ်။ ဒီ Management နဲ့ ဆိုင်တဲ့ Technical Terms တွေ၊ IT နဲ့ဆိုင်တဲ့ Terms တွေကို အတတ်နိုင်ဆုံး ဘာသာပြန်ထားပါတယ်။ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ အဓိပ္ပာယ် အခေါ်အဝေါ် လွဲကောင်းလွဲပါလိမ့်မယ်။ ကူညီပြီး ဖြည့်စွက်ပေးကြပါ။ ကျွန်တော်စာလုပ်ရင်း တစ်ယောက်ယောက်များလိုက်လုပ်ပြီး သူ့ဆီက Assignment ကူးချလို့ရမလားလို့ ဆွယ်ကြည့်တာပါဗျာ။
😛

ကဲ… Diploma သင်တန်းက Text ဆိုတော့ စာကတော့ တော်တော်များမယ်။ ခွဲရေးရင်တောင် တော်တော်ဖတ်ယူရမယ်။ ကဲ… ကျွန်တော်လည်း စာမရေးတာ တစ်လကျော်ပြီဆိုတော့ ဖတ်မယ့်လူလည်း မရှိလောက်တော့ဘူး။ ဖတ်မယ့်လူမရှိတဲ့အတူတူ လူမဖတ်ချင်တဲ့ Diploma စာတွေတင်ပြီး မျက်စိနောက်စေပါမယ်ဗျာ။ အခန်းတစ်ခုပြီးတိုင်း ကျွန်တော့်အမြင်ကိုလည်း အနည်းငယ်ထည့်သွားပါ့မယ်။ မှားတာမှန်တာ ထောက်ပြပေးကြပါ။

×××××××××××××××××××××××××××××××××××××××××

Reference: Project Management (Alison.com)

01 – Project Management Overview

Project Management

ခြုံငုံသုံးသပ်ခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်

Project များသည် ထပ်တလဲလဲ သမာရိုးကျလုပ်ရသည့် လုပ်ငန်းများ (routine events) များ မဟုတ်ပဲ ရည်မှန်းထားသည်များကို ကန့်သတ်ထားသည့် အချိန် (set timeframe) အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရသည့် အစီအစဉ်တကျ ပြုလုပ်ရသော လုပ်ငန်းများဖြစ်သည်။ Project များကို တူညီသည့် လုပ်ငန်းစဉ်များ ခွဲဝေဆောင်ရွက်ပြီး ရည်မှန်းချက်ရောက်ရှိအောင် လုပ်ဆောင်ရခြင်းဖြစ်သည်။ ဥပမာ – အိမ်ဆောက်ခြင်း၊ ပျော်ပွဲရွှင်ပွဲကျင်းပခြင်း သို့မဟုတ် အရိုးရှင်းဆုံး ကျောင်းမှပေးလိုက်သည့် Assignment တစ်ခုပြုလုပ်ခြင်းတို့သည်လည်း Project များပင်ဖြစ်သည်။

Project တစ်ခုကို Manage ပြုလုပ်ရန်အတွက် လူအင်အား၊ ပစ္စည်းနှင့် လုပ်ဆောင်ပုံ အဆင့်ဆင့်တို့ကို သတ်မှတ်ကာလနှင့် ငွေကြေး (budget) အတွင်း ပြီးစီးအောင် စီမံခန့်ခွဲ ကိုင်တွယ်ရပေမည်။ Project Manager တစ်ယောက် ၏တာဝန်သည် အထက်ဖော်ပြပါ အရင်းအမြစ်များကို အသုံးချ၍ Project ၏ရည်မှန်းချက် ပန်းတိုင်ရောက်ရှိအောင်နှင့် အစီအစဉ်တကျ ဖြစ်စေရန် ညှိနှိုင်း ဆောင်ရွက် ရပေလိမ့်မည်။

Project တစ်ခုကို ကြိုတင်စီစဉ်ရာတွင် အောက်ဖော်ပြပါ အချက်များကို ထည့်သွင်းစဉ်းစားရန် လိုပေလိမ့်မည်။

  • Project ၏ ရည်မှန်းချက်နှင့် ပန်းတိုင် (Purpose & Aim)

  • ရရှိနိုင်သည့် အရင်းအမြစ်များ (Resources) (လူ့စွမ်းအားနှင့် ကုန်ကြမ်း(Material) စသည်)

  • ကုန်ကျစရိတ်၊ လူအင်အားနှင့် အချိန်ကန့်သတ်မှုအပိုင်းအခြား (Costing, human and time constraints)

  • Project ပြီးစီးရန် အလုပ် (Tasks)၊ လုပ်ထုံးလုပ်နည်း (Procedure) (သို့) ဆောင်ရွက်ရမည့် ကိစ္စများ (Activities)

အဖွဲ့အစည်းများသည် Project များကို ဆောင်ရွက်ရာတွင် Project Management Techniques ကို အသုံးပြုကြသည်။ ၄င်းနည်းစနစ်များသည် ထိုအဖွဲ့အစည်းများ၏ ရည်မှန်းချက် (organisational objectives) နှင့် စနစ်ရည်မှန်းချက် (system objectives) များကို အချိန်နှင့်တပြေးညီ တိကျ မှန်ကန်အောင် ဖြည့်ဆည်း ပေးနိုင်သောကြောင့်ပင် ဖြစ်သည်။ ၄င်းနည်းစနစ်များသည် လူ၊ အရင်း အမြစ်များနှင့် လုပ်ထုံးလုပ်နည်းများကို စနစ်တကျ ဖော်ထုတ်ခွဲဝေပြီး သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် ကြီးကြပ်ညွှန်ကြားပေးသည်။

Project တစ်ခုကို အစီအစဉ်ရေးဆွဲသောအခါတွင် လူနှင့် ကုန်ကြမ်း အရင်းအမြစ်တို့ကို ထည့်သွင်း စဉ်းစားရန် အလွန်ပင် အရေးကြီးလှသည်။

An artist’s impression of the Homebush Bay master plan for the Sydney 2000 Olympic Games. Project Management techniques allow vast undertakings to be managed effectively.

When planning a project it is important to consider the human and material resources that are available.

Project Management gone wrong. It has been reported that the construction of this building will cost up to four times the original estimate for the project. It is an example of a project executed in an atmosphere of delay and controversy and featuring not only an extraordinary budget blow-out but a court battle and the resignation of the chief Project Manager.

Project Management တစ်ခု မှားယွင်းသွားသည့်အခါတွင်မူ နဂိုခန့်မှန်းထားသည့် ကုန်ကျစရိတ်ထက် အဆပေါင်းများစွာ ပိုမိုကုန်ကျသွားနိုင်ပြီး နှောင့်နှေးကြန့်ကြာမှုများနှင့် မကျေနပ်မှုများ၊ အငြင်းပွားစရာကိစ္စများနှင့် အမှုရင်ဆိုင်ရန်ကိစ္စများ ပေါ်ပေါက် လာမည်မှာ မလွဲမသွေပင်ဖြစ်ပေမည်။

×××××××××××××××××××××××××××××××××××××××××

Project Management ၏သမိုင်းကြောင်း

Even before the time of the Pyramids humankind has had to devise plans for completing set projects.

Project Management ဆိုသည်မှာ အယူအဆအသစ်တစ်ရပ် မဟုတ်ပေ။ ရှေးပဝေသဏီ အီဂျစ်များအချိန်ကပင်လျင် ကြီးမားလှသည့် ပိရမစ်များကို တည်ဆောက်ရာ၌ Project Management နည်းလမ်း တစ်မျိုးကို အသုံးပြုခဲ့ရပေသည်။ သို့သော် ခေတ်သစ် Project Management နည်းစနစ်များသည် ၁၉ဝဝပြည့်နှစ် နှောင်းပိုင်းမှသာ ပေါ်ပေါက်လာခဲ့ပြီး GANTT Chart ဟူသည့် method ဖြင့် ဖွံ့ဖြိုးလာခဲ့ပေသည်။ ထို့နောက် Project Management မွမ်းမံချက်များကို ၁၉၅၀ နှောင်းပိုင်းတွင် Critical Path Method (CPM) နှင့် Program Evaluation and Review Technique (PERT) ဟူ၍ ထပ်မံပေါ်ထွက်လာခဲ့သည်။ ၄င်းနည်းသုံးမျိုးတို့ကို အခြေခံ၍ Project များ၏ စာရွက်စာတမ်းများ ပြုစုခြင်း၊ တိုးတက်မှု (Progress) ကို စီမံခန့်ခွဲခြင်း များကို ပြုလုပ်ခဲ့ကြသည်။ ၄င်းနည်း အားလုံးတို့သည် ရှင်းလင်းချက်များကို ရုပ်ပြပုံများဖြင့် ဖော်ပြပေးပြီး ယခုလက်ရှိ အသုံးပြုနေကြသည့် Project Mangement Software များအားလုံးတွင်လည်း ဤကဏ္ဍများကို ထည့်သွင်းထားကြသည်။

ပိရမစ်များ မရှိခင်ကာလများကပင် လူသားများသည် Project များကို ပြီးမြောက်အောင် ဖန်တီး အစီအစဉ်ရေးဆွဲရန် ကြိုးပမ်းခဲ့ကြပေသည်။

×××××××××××××××××××××××××××××××××××××××××

Project Manager များနှင့် တွေ့ဆုံမေးမြန်းခြင်း

Vanessa Duis, ၂၉နှစ်၊ CD-ROM နှင့် အင်တာနက်ပါ အကြောင်းအရာ များနှင့် ဆက်စပ်သည့် Project Manager အဖြစ်လုပ်ဆောင်နေသူ။ သူမသည် သတ်မှတ်ရက် အလွန်နီးကပ်လေ့ရှိသည့် Multimedia အဖွဲ့အစည်းအတွင်း Developer များ၊ ဒီဇိုင်နာများ၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ စာရေးဆရာနှင့် ဇာတ်ညွှန်းရေးသူများ၊ အယ်ဒီတာများနှင့် တွဲ၍လုပ်ဆောင်ရလေ့ရှိသည်။ သူမသည် Project Management Techniques များကို Multimedia Industry တွင် မည်သို့ဆောင်ရွက်သည်ကို သူမ၏ ဖြေဆိုချက်များ ကို ဆက်လက်ဖတ်ရှုပေးပါ။

 

မေး – ခင်ဗျားဟာ CD-ROM နှင့် အင်တာနက်ပါ အကြောင်းအရာ များနှင့် ဆက်စပ်သည့် Developer တစ်ဦးအတွက် အလုပ်လုပ်ပေး ရတယ်ဆိုတော့ ခင်ဗျားဒီအလုပ်ကို ဘယ်လိုစဝင်ရောက်လာတာလဲ ပြောပြပေးပါ။

ဖြေ – ကျွန်မက နဂိုက UK အခြေစိုက် ခရီးသွားမဂ္ဂဇင်းမှာ လုပ်ခဲ့တာပါ။ ဒီစာအရေးအသား အကြောင်းအရာ အတွေ့အကြုံတွေကို အသုံးချပြီး Multimedia နဲ့ Internet နယ်ပယ်ထဲ ဝင်ရောက် လာခဲ့တာပါ။

 

မေး – ခင်ဗျားဟာ Project Management Skills ကို မြှင့်တင်ဖို့ ကြိုးစားနေတယ်လို့သိရတယ်။ ဘာကြောင့် ဒီ Project Management ကို ခင်ဗျားရဲ့အလုပ်အကိုင် လမ်းကြောင်းအဖြစ်ရွေးချယ်လိုက်ရတာပါလဲ။

ဖြေ – လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး စီးပွားရေးလုပ်ငန်းအများစုက Project Management ရဲ့ အရေးပါမှုကို မြင်တွေ့လာကြတယ်လေ။ နိုင်ငံသတင်းစာတွေထဲ ဖတ်ကြည့်လိုက်ရင်လည်း Project Management Skills ရှိတဲ့ လူတွေအတွက် အလုပ်အကိုင်တော်တော်များများ ပေါ်လာတာ ကိုလည်း တွေ့ရမှာပါ။ ဒါဟာလွန်ခဲ့တဲ့ နှစ်အချို့က အရေးပါတဲ့အရာတော့ မဟုတ်ခဲ့ပါဘူး။ အလုပ်သမားထု (Workforce) ထဲမှာ စာချုပ်နဲ့လုပ်တာ တွေ့နေကျပါ။ ဒါက ဘာကိုဆိုလိုတာလဲဆိုတော့ အလုပ်ရှင်တွေဟာ Project အတိုတွေ နဲ့ အချိန်အနည်းငယ်ပေးရတဲ့ အလုပ်တွေကို ပိုစိတ်ဝင်စားကြပါတယ်။ Project Management ဆိုတဲ့အရာကတော့ အချိန်အကန့်အသတ်၊ ငွေကြေး အကန့်အသတ်ပဲ ရှိတဲ့ အလုပ်တွေကို စီစဉ်တဲ့နေရာမှာ အလွန်အရေးပါလှပါတယ်။ ကျွန်မ ဒီ Project Management Skills ကို မြှင့်တင်ဖို့ အာရုံစိုက်လာ တာကလည်း ဒီ Skills တွေဟာ Industries တိုင်းမှာ အရေးကြီးတယ်လို့ သတ်မှတ်ထားတဲ့ Skill လည်း ဖြစ်တာကြောင့်ပါ။ အထူးသဖြင့် အခု Internet-based (သို့) Multimedia လုပ်ငန်းမှာပေါ့။

 

မေး – ဘယ်လိုလူတွေဟာ ထူးခြားတဲ့ Project Manager ဖြစ်ပါမလဲ။

ဖြေ – ကျွန်မမြင်ဖူးတဲ့ အကောင်းဆုံး Project Manager တွေဟာ ရှုပ်ထွေတဲ့ ပြဿနာတွေကို သေးငယ်တဲ့ စီမံခန့်ခွဲနိုင်မယ့် ပုစ္ဆာမျိုးတွေ အဖြစ် ခွဲချပစ်တယ်။ သူတို့ဟာ အလွန်စေ့စပ်သေချာစွာ နဲ့ လက်တွေ့ကျ ဖြေရှင်းနိုင်အောင် ဆောင်ရွက်ကျတယ်။ ခင်ဗျား အကောင်းဆုံး Project Manager တွေမှာ လုပ်ကို လုပ်နိုင်တယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ပြဿနာအားလုံးမှာ အဖြေရှိတယ်ဆိုတဲ့ စိတ်ရှိတာကို တွေ့ရလိမ့်မယ်။

 

မေး – Project Manager တစ်ယောက် နေ့စဉ်ကြုံတွေ့ရမယ့် စိန်ခေါ်မှုက ဘာများဖြစ်ပါမလဲ။

ဖြေ – Project Manager တွေကြုံတွေ့ရတဲ့ ပြဿနာတွေက များသောအားဖြင့် အလွန်ရှုပ်ထွေးပါတယ်။ အချို့ Project တွေကို အလုပ် ရာဂဏန်းအဖြစ် ခွဲထုတ်ပစ်ပါတယ်။ တစ်ခါတစ်လေတော့ ထောင်ဂဏန်းပေါ့။ ဒါဘာကိုဆိုလိုတာလဲ ဆိုတော့ Project Plan တစ်ခုဟာ အလွန် ရှုပ်ထွေးပွေလီနေပါတယ်။ Multimedia Industry မှာ အလုပ်လုပ်နေရင်းနဲ့ တွေ့ရမှာကတော့ နေ့စဉ်တွေ့ရမယ့် Project နယ်ပယ်က တူညီနေမှာ မဟုတ်ပါဘူး။ နောက် Project Manager တွေတွေ့ရမယ့် ပြဿနာကတော့ အလုပ်သမားတွေလိုအပ်တဲ့ Senior Management နဲ့ ၊ ပေးထားတဲ့ အချိန်အတွင်း အလုပ်ပြီးမြောက်ဖို့ ကို ပြေလည်အောင် ညှိနှိုင်း ပေးရတာပါပဲ။ Project Management လုပ်ငန်းစဉ်ကြီးတစ်ခုဆိုတာဟာ ဆက်တိုက် ညှိနှိုင်းလိုက်၊ ပြန်ညှိလိုက်နဲ့ ဖြစ်နေမှာပါပဲ။

 

မေး – ခင်ဗျား ဒီနေ့အထိ စီမံခန့်ခွဲခဲ့တဲ့အထဲ အကြီးမားဆုံး ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုက ဘယ်project များဖြစ်ပါမလဲ။

ဖြေ – Project Management က Project တစ်ခုပြီးမြောက်ဖို့ လိုအပ်တဲ့ လုပ်ငန်းတွေနဲ့ ကန့်သတ်ချက်တွေကို ချမှတ်ပေးရပါတယ်။ သို့ပေမယ့် သင့်အလုပ်သမားအင်အားက တစ်သမတ်တည်း ရှိနေလိမ့်မယ်လို့ မသတ်မှတ်ထားသင့်ပါဘူး။ တစ်ချိန်က ကျွန်မ project ပြီးမြောက်ခါနီး သတ်မှတ်ရက်ကလည်း အရမ်းကပ်နေပါတယ်၊ မထင်မှတ်ပဲ ကုမ္ပဏီ တစ်ခုလုံး ပြန်လည်ဖွဲ့စည်းလိုက်တာနဲ့ ကြုံလိုက်တယ်။ ခင်ဗျားပဲ စဉ်းစားကြည့်ပါ။ ဘယ်လောက်ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်မလဲဆိုတာ။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ သတ်မှတ်ကာလ၊ သတ်မှတ်ငွေကြေး အတွင်းမှာပဲ Project ပြီးဆုံးနိုင်ခဲ့ပါတယ်။

 

မေး – Project တစ်ခုစီမံဖို့ ဘယ်လို စီမံခန့်ခွဲမှုအထောက်အကူပြုပစ္စည်း တွေကိုအသုံးပြုပါသလဲ။

ဖြေ – ကျွန်မ GANTT charts တွေကို အများဆုံးသုံးပါတယ်။ အလွန်လည်း အသုံးဝင်လို့ပါ။ ပြီးတော့ ရတဲ့ အချက်အလက်တွေနဲ့ မျက်ခြေမပြတ်စေဖို့ Excel ဇယားတွေကို အသုံးပြုပါတယ်။

 

မေး – ဘာလို့ Project Management ဟာ IT နယ်ပယ် အခုအချိန်မှာ ဟိုးလေး တကျော်ကျော် ဖြစ်နေတယ်လို့ မြင်ပါသလဲ။

ဖြေ – IT နယ်ပယ်ဟာ တောက်လျှောက် ပြောင်းလဲနေပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ကြီးထွားလာပါတယ်။ Project Management Techniques တွေဟာ အချိန်နဲ့ တပြေးညီပြောင်းလဲနေတဲ့ အချက်အလက်တွေကို မျက်ခြေမပြတ်စေဖို့ ကူညီပေးပါတယ်။ ဒီလိုအဆက်မပြတ် ပြောင်းလဲနေတဲ့ နယ်ပယ်မှာ ဒီနည်းပညာတွေဟာ Project တွေပြီးမြောက်အောင် လုပ်ဆောင်ပေးမယ့် အဓိကသော့ချက် ဆိုလည်း မမှားပါဘူး။

×××××××××××××××××××××××××××××××××××××××××

htikeagkyaw

View Comments

Recent Posts

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၂)

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁) ကို ဒီမှာသွားဖတ်နိုင်ပါတယ်။ အပိုင်း (၁) မှာ Domain Name အကြောင်း၊ Web…

6 နှစ် ago

WordPress သုံးပြီး Website တစ်ခုရေးကြမယ်။ အပိုင်း (၁)

Website တစ်ခုရေးတော့မယ်ဆိုရင် ကွန်ပျူတာ၊ Networking နဲ့ အင်တာနက် အကြောင်း အခြေခံသဘောတရားအနည်းငယ်တော့ သိထားရင်ပိုကောင်းပါတယ်။ မသိထားပေမယ့်လည်း ကိစ္စမရှိပေမယ့်လည်း အောက်မှာ ကျွန်တော်တတ်သလောက်မှတ်သလောက် ရှင်းပြထားတာကို ဖတ်ကြည့်ပေါ့။…

6 နှစ် ago

ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းပေးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတစ်စ

အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက်…

8 နှစ် ago

ဝက်ဘ်ဆိုက်လိပ်စာပြောင်းလဲခြင်း

ထိုက်အောင်ကျော်ရဲ့ဘလော့ဂ်ကို လာရောက်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်တော် စာစုများရေးသားခြင်းကို ၂၀၁၄ခုနှစ်မှစတင်ခဲ့ပြီး တတ်စွမ်းသ၍ ကျွန်ုပ်၏အားလပ်ချိန်များတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘလော့ဂ်ကို…

8 နှစ် ago

မီးအန္တရာယ်ကာကွယ်မှုနှင့် မြန်နှုန်းမြင့်လှေများ

(Ref: https://lshipdesign.blogspot.in/2014/11/fire-protection-and-high-speed-crafts.html) သင်္ဘောများအပေါ် မီးအန္တရာယ်ကင်းရှင်းစေမှုသည် သင်္ဘောသားများနှင့် ဒီဇိုင်နာများအတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အရွယ်အားဖြင့် သေးငယ်သည့်၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်မရှိ၍ အလျင်အမြန်နှင့်ပျက်စီးဆုံးရှုံးမှုများသည့် မြန်နှုန်းမြင့်လှေများတွင် ပို၍ဂရုစိုက်ရပေမည်။…

10 နှစ် ago

Project Management (Alison.com) – Part 8

ဒီဇိုင်းရေးဆွဲသည့်အဆင့် (Design Phase)ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ဒီဇိုင်းရေးဆွဲသည့်အဆင့်သည် စနစ်သစ်တစ်ခုကိုဒီဇိုင်း ပြုလုပ်ရမည်ဖြစ်သည်။ ဤအဆင့်တွင် စနစ်သစ်အတွက် အချက်အလက်လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို အနက်ဖွင့်ဆိုရပေမည်။ ပရောဂျက်အများစုတွင် ပြဿနာများကို  ပြေလည်အောင်ဖြေရှင်းနည်းအမျိုးမျိုးရှိသည်။ ဤအဆင့်တွင်…

10 နှစ် ago

This website uses cookies.