ခန့်မှန်းကုန်ကျစရိတ် (Cost Estimation)

Cost Estimate ကို မြန်မာလိုပြန်လိုက်တော့ ခန့်မှန်းကုန်ကျစရိတ်လို့ပဲပြောရမှာပေါ့။ သင်္ဘောတစ်စီး ပြင်တော့မယ်၊ သင်္ဘောတစ်စီးဆောက်တော့မယ်ဆိုရင် ဘာတွေကုန်ကျမလဲ ဘယ်လောက်ကုန်ကျမလဲဆိုတာတွေ ခန့်မှန်းတွက်ပေးဖို့က NA တစ်ယောက်ရဲ့ အလုပ်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ တိတိကျကျရဖို့ကတော့ ခက်ပါတယ်။ တိတိကျကျရနိုင်ရင် အကောင်းဆုံးပေါ့ဗျာ။ ဘယ်အတိုင်းအတာအထိ တိတိကျကျရနိုင်တယ်ဆိုတာ စျေးကွက်ထဲက Statistic ကောက်ယူထားတဲ့အပိုင်းနဲ့ NA တစ်ယောက်ရဲ့ ကျွမ်းကျင်လိမ္မာမှုပေါ် အများကြီးမူတည်ပါလိမ့်မယ်။ ဒီလို Cost Estimate တွက်တဲ့အခါမှာ ဘာတွေအဓိကထားတွက်တယ် ဘာတွေစဉ်းစားတယ်ဆိုတာကို ကျွန်တော်သိသလောက် မျှဝေပါရစေ။ Cost Estimate တွက်တာမှာ များလည်းမကောင်း၊ နည်းလည်းမကောင်းတာကို သိထားရပါမယ်။ များများပါစေပေါ့… ကိုယ့်အတွက်ကျန်တယ်လို့မထင်လိုက်ပါနဲ့။
သင်္ဘောတစ်စီး ဆောက်တယ်ဆိုတာ အကုန်အကျ အရမ်းများလှပါတယ်။ များဆို နဲနဲနောနောများတာမဟုတ်ဘူးနော်… ပေ၂၀၀ လောက်ရှိတဲ့ သင်္ဘောတစ်စီးကို ပဲ Million Dollars နဲ့ ချီနေပါပြီ။ မြန်မာငွေနဲ့ ဆို သိန်း ထောင်၊ သောင်း နဲ့ ပြောနေရပါပြီ။ များတိုင်းမကောင်းဘူးလို့ပြောတာဘာလို့လဲ? Owner က စျေးများရင် ခင်ဗျားနဲ့ဆောက်ပါဦးမလား?
စျေးသက်သာမယ့်ဆီသွားမှာပေါ့။ ဒါရှင်းရှင်းလေးတွေးရင်တောင်ရတယ်။ တင်ဒါတွေဘာတွေထည့်ပြောမနေနဲ့ဦး။ အဲ့ဒါဆိုနည်းရင်ရောကောင်းမလား? ခင်ဗျားလျော်နိုင်ရင် စီးပွားအပျက်ခံနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။

ကဲ… ထားပါတော့။ ကျွန်တော်က Cost Estimate တွက်ဖို့အတွက်ကို အဓိက ၉ပိုင်းခွဲမယ်။ ဒါကတော့ ကိုယ်ကြိုက်သလိုခွဲနိုင်ပါတယ်။ အဲ့၉ပိုင်းက ဘာတွေလဲ။
1. Materials, 2. Machineries, 3. Navigational Equipments and Radios, 4. Fire Fighting, Life Saving Equipments and Auxiliary, 5. Outfttings/Furnishing, 6. Electrical, Ventilation and Lighting Equipment, 7. Deck Fittings, 8. Docking and Repair, 9. Tax and Licensing Fees ဆိုပြီး ခွဲထားပါတယ်။

1. Materials မှာဆိုရင် Steel (သံပြား၊ သံကိုင်း)၊ Welding Electrodes တွေ၊ Wood and Carpentry ဖြစ်တဲ့ လက်သမားအလုပ်အတွက် သစ်တွေ၊ ဒီ့အပြင် Insulation, Ceiling and Paneling တွေပါမှာပေါ့၊ Passenger Ship တွေမှာဆိုရင် မှန်တွေပါပါဦးမယ်။ ဒါတွေအားလုံးက Material တွေပါပဲ။ သင်္ဘောတစ်စီးလုံးရဲ့ အကုန်အကျ အများဆုံးအပိုင်းပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီ Materials မှာပဲ Delivery and Transportation အတွက် တစ်ခါထဲ ထည့်စဉ်းစားထားပါတယ်။

2. Machinery မှာ Main Engine တွေပါမယ်၊ Gear Box တွေ၊ Propeller and Shafting ပါမယ်။ Generators တွေ၊ Steering System, Pumps and Piping တွေ၊ Exhaust Piping and Lagging, Engine Room Blowers စသဖြင့် ပါမယ်ပေါ့ဗျာ။

3. Navigational Equipments and Radios မှာတော့ Horn, Siren, Compass, GPS, Air Compressor, Batteries and Chargers, Search Light, Navigational Light, Radios, စသဖြင့်ပေါ့ဗျာ။ GMDSS, Satellite Phones တွေကတော့ Inland သွားသင်္ဘောတွေမှာတော့ မပါဘူးပေါ့ဗျာ။

4. Fire Fighting, Life Saving Equipments and Auxiliary မှာ Fire Alarms, Fire Pumps, Call Points, Sprinklers, Portable Fire Extinguishers တွေ၊ Life Buoys, Life Rafts, Life Jackets တွေ၊ Fire hose, Spray Gun and Nozzles, Coupling စတာတွေ၊ Fire Axes, Fire Buckets တွေ၊ Rescue Boats တွေ စသဖြင့် ပါမှာပေါ့။ CCTV တို့ PA System တို့ ကိုပါ ကျွန်တော်က ဒီထဲထည့်ထားတယ်ဗျ။

5. Outfittings/Furnishing ကို Deck Fittings နဲ့ ကျွန်တော်သတ်သတ်စီ ခွဲရေးထားတာက ကျွန်တော်လုပ်ခဲ့တဲ့ သင်္ဘောက အပျော်စီး ညစာစားပွဲထွက်တဲ့ စားသောက်ဆိုင် သင်္ဘောကို လုပ်ခဲ့တာ ဆိုတော့ Outfitting ထဲကို ကျွန်တော်က တစ်ခန်းချင်းစီမှာ ထည့်မယ့် ပစ္စည်းတွေကို တစ်ခုစီ လိုက်ပြီး ထည့်ထားလို့ပါ။ စားသောက်ဆိုင်သင်္ဘောမှာဆိုရင် (၁) မီးဖိုဆောင် (၂) ထမင်းစားခန်းမ (၃) သန့်စင်ခန်း စသဖြင့် ခွဲထုတ်လိုက်တယ်။ မီးဖိုဆောင် Galley/Kitchen မှာဆိုရင် ထည့်မယ့် Equipments တွေဖြစ်တဲ့ Steam Cabinet, Stoves and Burners, Refrigeration, Wine Chiller, Freezer and Cold Storage, Ventilation Fans and Exhaust Fans, Sinks/Dish Washers, Racks and Shelves, Ovens, Washer, Dryer and Iron, Water Treatment, Cabinets and Working Tables, Utensils တွေစသဖြင့် အသေးစိတ်လိုက်စဉ်းစားတာပေါ့။ ဒါကတော့ စားသောက်ဆိုင်တွေမှာ မီးဖိုဆောင်ကို သီးသန့် ဒီဇိုင်းဆွဲတဲ့လူရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်တုန်းက Owner က ကျွန်တော်တို့ပဲတွက်ပေးပါဆိုလို့ ဆိုင်တွေလိုက်မေး၊ လိုက်စုံစမ်းနဲ့ပဲ ရွှီးခဲ့… အဲ့လေ… တွက်ခဲ့ရတာပေါ့။ အထင်တော့မသေးနဲ့နော်… ဒီပစ္စည်းတွေချည်းပဲကို သင်္ဘောတစ်စီးလုံးကုန်ကျစရိတ်ရဲ့ ၁၅ရာခိုင်နှုန်းလောက်ရှိတယ်။ ဒါမီးဖိုဆောင်တစ်ခုပဲရှိသေးတယ်။ ထမင်းစားခန်းမ/ စားသောက်ဆောင် မှာဆိုရင်လည်း စားပွဲ၊ ကုလားထိုင်၊ ပန်းကန်ခွက်ယောက်ကအစ၊ Stage စင်နဲ့ Bar မကျန်၊ ဖျော်ဖြေရေးပစ္စည်းတွေအပါ လိုက်တွက်ပေးရတာ။ ဒါတွေကတော့ ၆ရာခိုင်နှုန်းလောက်ရှိတယ်။ ဒီလိုပဲ သန့်စင်ခန်း၊ အိမ်သာလည်း လိုက်စဉ်းစားပေးရတာပဲ။

6. Electrical, Ventilation and Lighting Equipment ဆိုတော့ ခေါင်းစဉ်အတိုင်းပေါ့ဗျာ။ မီးချောင်း၊ မီးသီး၊ ခလုတ်ခုံ၊ ဓါတ်ကြိုး၊ အသံပိုင်းဆိုင်ရာပစ္စည်းတွေ၊ Control Board တွေ၊ မီးကြိုး စတာတွေကို ထည့်ရမှာပေါ။ ဒါက Electrical သမားတွေ (M&E) လုပ်ရမှာ။ မရှိတော့လည်း ကိုယ်တိုင်ပဲ ရမ်းထည့်ပေါ့။ Ventilation မှာ Air Conditioning ပိုင်းမှာပါသွားမှာပေါ့… Cooling Load တွက်လေ… 😛

7. Deck Fittings မှာတော့ Anchor, Windlass, Chains, Bollards, Watertight Doors, Weather tight Doors, Portholes, Pipes, Valves and Fittings စတာတွေ ပါမှာပေါ့။

8. Docking and Repair ဆိုတာမှာတော့ အဓိကက သင်္ဘောကျင်းခ၊ အလုပ်သမားခ၊ လေအိုး၊ ဆေး၊ Paint, Primer, Undercoat and Finishing, မီတာခ, ကျင်းတင်၊ကျင်းချခ, စတာတွေအပြင် Design Fees ကိုပါ ဒီထဲထည့်ထားလိုက်တယ်။

9. Tax and Licensing Fees မှာတော့ Statutory Fees, Classification Fees, Tax, Licensing Fees, Registration Fees စတာတွေပါမှာပေါ့။

ဒါကတော့ ကျွန်တော်ခွဲခဲ့တဲ့ ပုံစံကိုပြောပြထားတာပါ။ တစ်ယောက်နဲ့ တစ်ယောက် Category ခွဲပုံချင်းကတော့ တူချင်မှတူပါလိမ့်မယ်။ ဒါပေမယ့် ပါရမယ့် ပစ္စည်းနဲ့ စျေးနှုန်းတွေကတော့ ကျန်ခဲ့လို့ မရဘူးပေါ့။ Cost Estimation နဲ့ ပတ်သက်လို့ ဒီထက်ပိုသိချင်ရင် D.G.M Watson ရဲ့ Practical Ship Design စာအုပ်ကို ညွှန်းစေချင်ပါတယ်။

ဒီ Cost Estimation က Ship Building/Ship Repair Cost Estimation ပါ။ Running Costs, Operating Costs တွေမဟုတ်ပါဘူး။ Mothership တစ်စီးရဲ့ Data ရှိထားရင်တော့ ခန့်မှန်းလို့ မခက်ဘူးပေါ့ဗျာ။ D.G.M Watson ရဲ့ Practical Ship Design စာအုပ်ထဲမှာတော့ အဓိကအနေနဲ့ Material Costs, Labour Costs, Overhead Costs, Subdivision Costs ဆိုပြီးတော့ အလုပ်အမျိုးအစားတွေခွဲခြားပြထားပါတယ်။ ပြီးမှတစ်ခါ Structural Costs, Outfit Costs, Machinery Costs, Unit Production and First of Class Costs ဆိုပြီးရှိပါတယ်။

ဒီနေရာမှာပြောချင်တာက Unit Production and First of Class Costs ဆိုတာကိုပါ။ သူက ဒီနေရာမှာ Services and Miscellaneous ဆိုပြီး Classification Fees တွေ၊ Launch Party Fees တွေ၊ Dry Docking, Port Due, Trial Costs တွေ Delivery Voyage Costs နဲ့ Insurance and Provision for Guarantee Repairs စတာတွေကိုပြန်ထည့်ထားတယ်။ အဓိကပြောချင်တာက First of Class Costs ဆိုတာကိုပါ။ ဒီမှာ ဘာတွေပါမလဲ? Design, Drawing Office Costs, Planning Department Costs, Tank Tests, Mould Loft Costs, Buying Department and Similar Non Repeating Costs တွေပါတယ်လို့ပြောထားပါတယ်။ ဒါတွေက တစ်စီးတည်းဆောက်တာနဲ့ အစီးရေ အများကြီးဆောက်တာနဲ့ ကွာနိုင်တာပေါ့။ လက်လီနဲ့ လက်ကားစျေးလိုပါပဲ။ ဒီဇိုင်းခက ပထမသင်္ဘောအတွက်ဆိုရင် စျေးကြီးပါတယ်။ နောက်ဒီပုံစံသင်္ဘောထပ်ဆောက်ဖို့အတွက်ပဲဆိုရင်တော့ ပထမပေးထားတဲ့ စျေးရဲ့ Percentage တစ်ခုကိုပဲပေးရတာပါ။ ဒီလိုပဲ အစင်းရေ များများဆောက်တော့ ပစ္စည်းဝယ်တဲ့အခါမှာလည်း လက်ကားစျေးနဲ့ ရတော့ ပိုသက်သာတဲ့အပိုင်းတွေရှိပါတယ်။ Tank Test စမ်းတာလည်း ဒီလိုပဲမဟုတ်လား။ တစ်စင်းစမ်းပြီးရင် Lines မပြောင်းသရွေ့ ဒီdata နဲ့ လုံလောက်တယ်လေ။ Mould Loft ချထားတာလည်း ထိုနည်း၄င်းပဲပေါ့။ ဒါကို Unit Production and First of Class Cost ဆိုပြီး ခေါင်းစဉ်တစ်ခုသီးခြားပေးထားတာတွေ့ရမှာပါ။

ဒီနိုင်ငံမှာ Cost Estimate မှန်းရတာခက်တယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်ဥပမာတစ်ခုပေးမယ်။ သံပြားသံကိုင်းဝယ်တယ်ပဲထားပါတော့။ ဆိုဒ်ပြည့်လား ဆိုဒ်မပြည့်လား ဆိုပြီးရှိပြန်တယ်။ ဆိုဒ် ပြည့်ဆိုတာကတော့ 5mm အထူရှိတဲ့ သံပြားဆိုရင် ဘယ်နေရာ တိုင်းတိုင်း အထူက 5mm ရှိတယ်။ ဆိုဒ်မပြည့်ရင် ဘေးအစွန်းတိုင်းရင်တော့ 5mm ရှိပြီး အလယ်မှာ လျော့နေရော။ အဲ့မှာတင် စျေးကကွာနေပြီ။ ဒီလိုပဲ Engine ဆိုပါစို့။ ထွက်တဲ့ Horse Power ချင်းအတူတူ (ပြောထားတာအရပေါ့ဗျာ) တရုတ်အင်ဂျင်နဲ့ တစ်ခြားအင်ဂျင်တွေ ယှဉ်ကြည့်ပေါ့။ စျေးက အကွာကြီး။ ပြီးတော့ ဒီက Market မှာရှိတဲ့ data တွေက statistics သေချာကောက်ထားတာမျိုးမရှိဘူးလေ။ Cost Estimate က ကြည့်ရတာသာ လွယ်တာ။ တကယ်တန်း တိကျဖို့ဆိုရင်အများကြီးလို ပါတယ်။ Watson စာအုပ်ထဲမှာ Cost Estimate မှန်းတာကို Tolerance 15% အထိလက်ခံတယ်လို့ရေးထားတာတွေ့လိုက်တယ်။ Million Dollar နဲ့ ချီတဲ့ Project တစ်ခုမှာ 15% ဆိုတာ နည်းတဲ့ ဂဏန်းတော့ မဟုတ်ဘူး။ အဲ့ 15% ထဲဝင်အောင်တောင် ကိုယ်က သေချာတွက်ထားဖို့လိုပါလိမ့်မယ်။

ပိုက်ဆံတွက်တဲ့အခါမှာ တစ်ခြားဝင်လာတဲ့ Factor တွေကအများကြီးရှိပါတယ်။ ဒီမှာအဓိကကတော့ Current Currency Exchange Rate က တစ်ခုအပါအဝင်ဖြစ်မယ်။ ပြီးတော့ သင်္ဘောကို သတ်မှတ်ကာလအတိုင်း ဆောက်လို့မပြီးရင် တက်လာမယ့် ကျင်းခတို့၊ Owner ကိုပေးရမယ့်လျော်ကြေးတို့ဆိုတာလဲရှိသေးတယ်။ ဒါ့အပြင် Tax ကလည်းအပါအဝင်ပေါ့။ Inflation Rate/Inflation Index ကလည်း အရေးပါတဲ့ နေရာမှာပါပါတယ်။ ကျွန်တော် အရင် Post ၁ခုမှာ ရေးထားဖူးပါတယ်။ ကြက်ဥတစ်လုံးနဲ့ ဥပမာပေးထားတယ်။ ကြက်ဥတစ်လုံး မနှစ်က စျေးနဲ့ ဒီနှစ်စျေး မတူသလို၊ ဒီနှစ်စျေးနဲ့ နောက်နှစ်စျေးလည်း တူမှာမဟုတ်ပါဘူး။ Inflation Rate ကြောင့်ပေါ့။ ဒါ့အပြင်ကို သက်ရောက်တဲ့ Factor တွေ အများကြီးရှိပါသေးတယ်။ ဥပမာပြောရရင် မီးပျက်တယ်ပေါ့။ မီးပျက်တော့ ဆီစျေးတက်တယ်။ ဆီစျေးတက်တော့ ကုန်ပစ္စည်းစျေးတက်တယ်ပေါ့။ တက်တဲ့ ကုန်ပစ္စည်းက ကြက်စာပဲထားပါတော့ ကြက်စာစျေးတက်ရင် ကြက်ဥလည်း စျေးလိုက်တက်မှာပဲ။ ရှင်းပါတယ်။ မဟုတ်ဘူးလား။ မီးပျက်တယ်လို့ မယူဆပဲ ဆီစျေးတက်တယ်ပဲထားပါတော့။ ဆီစျေးဘာကြောင့်တက် Exchange Rate ကွာသွားလို့တက်တာ။ အဲ့လိုယူဆရင် ကြက်ဥနဲ့ Dollar စျေးနဲ့ ဆိုင်သွားပြန်ရော။ သဘောပြောပြတာ။ တစ်ခြားဘာ Factor တွေရှိဦးမလဲ။ ပြောလို့မရတဲ့ Crisis ဆိုတာမျိုးက ရှိသေးတယ်လေ။ Economy Crisis ကို မကြည့်နဲ့ဦး။ ကြက်ဥအကြောင်းနဲ့ ပဲပြောနေတာဆိုတော့ ကြက်ငှက်တုတ်ကွေးရောဂါဖြစ်တယ်ပဲထားပါတော့။ ကြက်ဥစျေး ထိုးကျသွားမယ်။ ဘာကြောင့်လဲ။ Supply ပဲရှိပြီး Demand မရှိတော့လို့ပေါ့။ ဒီလိုပဲ တစ်ဖက်လှည့် ပြန်စဉ်းစားရအောင်။ နာဂစ်လို မုန်တိုင်းဝင်သွားတယ်။ ကြက်ဥစျေး အဆမတန်ထိုးတက်သွားတယ်။ Supply မရှိပဲ Demand ကအရမ်းများလာလို့ပေါ့။ ဒီလိုပဲ သင်္ဘောဆောက်တဲ့နေရာမှာလည်း လိုက်စဉ်းစားကြည့်ရင်ရပါတယ်။

ကျွန်တော် ဥဋီကာ… အဲ့လေ… ကြက်ဥဋီကာချဲ့တယ်လို့ မပြောနဲ့။ အရှင်းဆုံးမြင်သာအောင် ပြောပြတာပါ။ ဆက်စပ်ပြီးတွေးကြည့်ပါ။ $ စျေးတက်ရင် သံပြားစျေးတက်မယ်။ ဆီစျေးတက်ရင် Transportation ခ တက်မယ်။ များများဝယ်ရင် လက်ကားစျေးနဲ့ သက်သက်သာသာရမယ်။ တစ်နှစ်ထက်တစ်နှစ် Inflation Rate ဆိုတာရှိတယ်။ Contract ချုပ်တဲ့ နေ့ကသံပြားစျေးနဲ့ သင်္ဘောတကယ်ဆောက်တဲ့ အခါဝယ်ရတဲ့ စျေးနဲ့မတူနိုင်ဘူး။ Economy Crisis ဆိုတာ ကိုယ်ကြိုမသိနိုင်ဘူး။ Tax ဆိုတဲ့အရာကလည်း ပြောင်းလဲ နိုင်တယ်။ Exchange Rate က တစ်သက်မတ်တည်းမရှိတာ ခေါင်းထဲထည့်ထားရမယ်။ ဒါတွေအားလုံးက External Factors တွေပဲ။ ကိုယ်ရှုံးမလား မရှုံးဘူးလား ဒါတွေအပေါ် မူတည်နေတာပဲ။ သိထားဖို့ ပြောပြတာပါ။

ဒါတွေက ပိုက်ဆံကိုတွက်နေတာဖြစ်တဲ့အတွက် စဉ်းစားဖို့အချက်တွေပါ။ NA ဘက်နည်းနည်း ပြန်လှည့်ရအောင်။ Material ဝယ်မယ်။ Steel ရဲ့ တန်ချိန်ကို ကိုယ်ကတွက်ပေးရမှာလေ။ တန်ချိန်ပေါ်မူတည်ပြီး အများကြီးကွာသွားနိုင်တယ်နော်။ သိထားဖို့က Grade A Steel တစ်တန်ကို မြန်မာငွေ ရသိန်းကနေ ၈သိန်းကျော်အထိ ရှိပါတယ်။ ခင်ဗျားတွက်ပေးတဲ့ လိုတဲ့ Steel တန်ချိန်ပေါ်မူတည်ပြီး ကွာသွားတဲ့ စျေးနှုန်းကို ပြန်စဉ်းစားကြည့်ပေါ့။ Drive Chain and Propulsion မှာလည်း Economy ကို ရွေးမှာလား Performance ကို ရွေးမှာလား။ ခုနကပြောခဲ့တဲ့ တရုတ်အင်ဂျင်နဲ့ အနောက်နိုင်ငံက အင်ဂျင်တွေယှဉ်ကြည့်ပေါ့။ သင်္ဘောကျင်းခက ဒီမှာဆိုရင် ပေးတဲ့ Facility ပေါ်မူတည်ပြီး တစ်လကို သိန်းအစိပ်လောက်ရှိပါတယ်။ Welding Electrode က တစ်တန်ကို ၁၈သိန်းလောက်ရှိပြီး အလုပ်သမားခကတော့ Welder ၁ယောက် တစ်နေ့ကို ၇၀၀၀၊ Plater ၁ယောက် တစ်နေ့ကို ၈၀၀၀၊ Helper တစ်ယောက် တစ်နေ့ကို ၅၀၀၀ လောက်ရှိပါတယ်။ ဝမ်းနည်းစွာပြောရရင်တော့ ဒီမှာကျွန်တော်တို့ရတဲ့ကြေးက အဲ့ထက်နည်းတာကို တွေ့ရပါတယ်။ ကြုံတုန်း ဝင်ကြွားတာ။ 😛

ဒါနဲ့ သစ်သားက သံထက်ပိုစျေးကြီးတယ်။ တစ်တန် ၁၆သိန်းလားမသိဘူး။ ဒီ data တွေကလည်း ကျွန်တော် ဟိုမေးဒီမေးနဲ့ ရခဲ့တာတွေဆိုတော့ အတိအကျမှန်တယ် မမှန်ဘူးဆိုတာ အာမမခံနိုင်ပါဘူးခင်ဗျာ။ ဟိုတယ်မီးဖိုဆောင်သုံးပစ္စည်းတွေဆိုရင်တော့ လာမေး… အတိအကျရှိတယ်။ ဆိုင်က CD နဲ့ကို ထည့်ပေးလိုက်တာ ဓါတ်ပုံ၊ နာမည်၊ အသုံးပြုပုံ၊ Dimension၊ စျေးကအစ ပေးထားတယ်ဗျာ။ အဲ့ဆိုင်လိုမျိုးအကုန် Data ရှိထားရမှာ။ အဲ့ဆိုင်မတွေ့တွေ့အောင် ကျွန်တော်နဲ့ ကျွန်တော်တို့ရုံးက မန်နေဂျာ ကိုမျိုးမင်းတို့ မြို့ပတ်ပြီးလိုက်မေးရတာဗျာ။ အဲ့ဒါကိုတော့ ရှာရကြိုးနပ်ပါတယ်။ Dinnerware, Kitchen, Galley Appliances တွေရဲ့ Data တော်တော်စုံတယ်ဗျာ။ ဘယ်လောက်အထိစုံလည်းဆိုရင် တူတင်တဲ့ အောက်ခံတုံးလေး ကအစ စျေးပါတယ်ဗျာ။

ဒီလို Statistic ကောက်တာ Site ထဲမှာနေတဲ့သူတွေ ကောက်ထားရင်ပိုမှန်မှန်ကန်ကန် ရပါလိမ့်မယ်။ ကျွန်တော်တို့က ရုံးမှာငုတ်တုတ်ထိုင်နေရတာဆိုတော့ ဘယ်ဟာ ဘာစျေးရှိမှန်း သေချာမသိဘူးပေါ့ဗျာ။ Site ထဲကသူတွေကလည်း သူတို့အလုပ်နဲ့ သူတို့ ပင်ပန်းကြတော့ မလုပ်ဖြစ်တာများကြတယ်။ ပြီးတော့ ခက်တာက ဒီ data တွေက ကျွန်တော်တို့ NA တွေမှာ မရှိပဲ တစ်ခြားသူတွေ ကောက်ထားကြတာများနေတယ်။ ဒီ data တွေက အရမ်းတန်ဖိုးကြီးပါတယ်။ ကိုယ်ကိုယ်တိုင်ဆောက်မယ်ဆိုရင် မြတ်မယ် ရှုံးမယ် ဘယ်လောက်နဲ့မှ လုပ်နိုင်မယ် ဆိုတာတွေက ဒါတွေရှိမှဖြစ်မှာလေ။ Optimization လုပ်ဖို့ဆိုတာတွေကလည်း ဒါတွေရှိမှရမှာပါ။ အခုက တစ်ခြားနိုင်ငံတွေကပါဝင်လာပြီဆိုတော့ သူတို့ထက်သာအောင် လုပ်ထားနိုင်တာ ဒါတွေရှိတယ်လေ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ Shipyard တစ်ခုနဲ့ တစ်ခု Practice အရ မတူနိုင်ဘူးလေ။ သူတို့တွေမှာ Man hour နဲ့ ပေးရင် ဒီမှာ Daily Wages နဲ့ ပေးတာမျိုးပေ့ါ။ ဒီ data တွေတင်မကပါဘူးဗျာ။ သင်္ဘောတစ်စီးလုံးရဲ့ Weight တို့ CG တို့ကို လည်း Site ထဲမှာနေရင်း တစ်ခါတည်း လိုက်ကောက်ထားလို့ရပါတယ်။ ကျွန်တော်ကတော့ တောက်တိုမယ်ရလေးဆိုတော့ ဒါမျိုးတွေ လုပ်ခွင့် လုပ်နိုင်ချင်းမရှိဘူးပေါ့ဗျာ။

ကျွန်တော်တို့ NA တွေ တစ်ခြားနိုင်ငံနဲ့ ယှဉ်လိုက်ရင် အများကြီးနောက်ကျ ကျန်နေပါသေးတယ်။ ဒါကို အမှီလိုက်နိုင်ဖို့ ကြိုးစားရမယ့်တာဝန် ကျွန်တော်တို့အားလုံးမှာရှိပါတယ်။ ဒီနိုင်ငံမှာ မလုပ်နိုင်လို့ တစ်ခြားနိုင်ငံမှာ လုပ်ခဲ့ရင်တောင် မျှဝေနိုင်သမျှ မျှဝေခြင်းအားဖြင့် ကျွန်တော်တို့ NA တွေရဲ့ Role ကို မြှင့်တင်နိုင်ပါလိမ့်မယ်။ အခုကျွန်တော်တို့ NA တွေက ဒီနိုင်ငံမှာ ဆောက်နေတဲ့ သင်္ဘောတွေကိုတောင် ဝင်မတိုးနိုင်ဘူးဖြစ်နေတယ်။ အခြား Engineer တွေက ဝင်ဆောက်နေတယ်။ အိမ်ဆောက်တဲ့ ပုံစံအတိုင်းဆောက်နေကြတယ်။ ဒါကသင်္ဘောလေ။ အိမ်မဟုတ်ဘူး။ ဒီလိုပြောလို့ တစ်ခြားအင်ဂျင်နီယာများကို တိုက်ခိုက်နေတာလည်းမဟုတ်ပါဘူး။ အရိုးသားဆုံးဝင်ခံရရင် ကျွန်တော်ဟာ အိမ်ဆောက်တဲ့ Architect တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ ဘဝပေးအခြေအနေအရ ဖြစ်ချင်တာမဖြစ်ခဲ့ရပေမယ့် ဖြစ်တဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်။

ကျွန်တော်ပြောချင်တာက တခြားအင်ဂျင်နီယာတွေကို မဖြစ်သင့်တာတွေ ပြောနိုင်ရမယ်။ ဖက်ပြီး ရန်ဖြစ်တာမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်က နှိုက်နှိုက်ချွတ်ချွတ် ကျွမ်းကျွမ်းကျင်ကျင် အချက်ကျကျ ပြောနိုင်အောင် အရင်ကြိုးစားရမယ်။ စကားအပြောအဆိုကိုလည်း သင်ရမယ်။ လိမ္မာပါးနပ်စွာ စကားပြောတတ်ဖို့က အရေးကြီးပါတယ်။ ကိုယ်ကိုယ်လည်း မာနမကြီးပါနဲ့။ သိမ်ငယ်စိတ်လည်း မဝင်ပါနဲ့။ သူတို့က ဆောက်လာတာကြာလှလို့ အရိုးစွဲနေတဲ့အချိန်မှာ ကိုယ်တွေက မှားတာကို လိမ္မာပါးနပ်စွာ သူတို့ကျေနပ် သည်အထိ ရှင်းပြနိုင်ရမယ်။ ဘယ်လိုလုပ်ရင်တော့ အကုန်အကျသက်သာမယ်၊ ဘယ်လိုဆိုရင်တော့ ဘာဖြစ်နိုင်တယ်။ ဘယ်ဟာကတော့ မကောင်းဘူး။ ဒီလိုလုပ်လိုက်ရင် မကောင်းဘူးလား စသဖြင့်ပေါ့။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အတန်းထဲမှာ ဘယ်လောက်တော်ခဲ့တော်ခဲ့ ဘယ်လောက်ညံ့ခဲ့ညံ့ခဲ့ ကိုယ်ရှေ့ဆက်ရမယ့် လမ်းကြောင်းက လက်တွေ့ဘဝလမ်းကြောင်းပါ။ တော်ခဲ့လို့လဲ မာနထောင်မနေစေချင်ပါဘူး။ မာနထောင်ပြီး Site ထဲမှာ နဖူးကွဲရင် အချည်းအနှီးပါပဲ။ ဘယ်လောက်ညံ့ခဲ့ညံ့ခဲ့ ကိုယ်ကျိုးစားရင် ဖြစ်နိုင်တာတွေအများကြီးပါ။ သိမ်ငယ်မနေပါနဲ့။ ကိုယ်ညံ့ခဲ့တာကို ကျော်နိုင်အောင် သူများထက်ကြိုးစားပြီးလုပ်ပါ။ အောင်မြင်နိုင်ပါလိမ့်မယ်။ အတန်းထဲမှာပဲ တော်တာတွေ ညံ့တာတွေ ထားခဲ့စေချင်ပါတယ်။ မာနတွေ သိမ်ငယ်စိတ်တွေထားခဲ့စေချင်ပါတယ်။ အလုပ်ခွင်ထဲဝင်ကြရင် လူမှုဆက်ဆံရေးကိုလည်း အဓိကထားစေချင်ပါတယ်။ မိမိအလုပ်လုပ်တာ တစ်ဦးကောင်း တစ်ယောက် ကောင်းလုပ်လို့မရပါဘူး။ လူတိုင်းနဲ့ အဆင်ပြေအောင် ဆက်ဆံပြောဆို နေထိုင်ပါ။ ကိုယ်အမှားမလုပ်ပေမယ့် ကိုယ့်ကို အမှားမြင်တဲ့လူနဲ့လည်း တွေ့ချင်တွေ့ပါလိမ့်မယ်။ ဘယ်လောက်ကောင်းအောင်ကြိုးစားကြိုးစား အတိုက်အခံကတော့ အလုပ်ခွင်ထဲတွေ့ကြရမှာပဲ။ ရန်သွားမတွေ့ပါနဲ့။ ပြေလည်အောင်ဖြေရှင်းပါ။ ရန်သွားတွေ့ရင် နောက်ဆုံး ကိုယ်ပဲ စိတ်ဆင်းရဲ စိတ်ညစ်ရပြီး ကိုယ်ပဲထွက်သွားရပါလိမ့်မယ်။ ကိုယ်အလုပ်ထွက်မယ်ဆိုတဲ့အချိန်ကျရင် ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ပြုံးပြုံးပျော်ပျော်နဲ့ပဲ ထွက်နိုင်အောင် ကြိုးစားရင်း ရှေ့ဆက်လျှောက်မယ့် ဘဝတွေအတွက် အားမာန်အပြည့်နဲ့ အောင်မြင်စွာ တက်လှမ်းနိုင်ကြအောင် ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

ထိုက်အောင်ကျော်

images

obamacare-cartoon-6-a

management-accounting

istock_cost

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Show
Hide