ဓမ္မစေတီခေါင်းလောင်း
ဓမ္မစေတီခေါင်းလောင်းကြီးမှာ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခေါင်းလောင်းတော်ကြီး ဖြစ်ပြီး ၁၄ ရာစုတွင် မွန်ဘုရင် ဓမ္မစေတီမင်းမှ ရွှေတိဂုံဘုရားသို့ သွန်းလုပ် လှူဒါန်းခဲ့သည်။ ၁၆ ရာစုတွင် ပေါ်တူဂီ လူမျိုး ဒီဗရစ်တို ခေါ် ငဇင်ကာမှ ခေါင်းလောင်းကြီးကို ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှ အဓမ္မယူငင်သွားပြီးနောက် ဖောင်ဖြင့် သယ်ယူရန် ကြိုးစားစဉ် ရန်ကုန်မြို့နှင့် သံလျင်မြို့အကြား မြစ်သုံးခုဆုံရာ နေရာတွင် နစ်မြုပ်သွားခဲ့သည်ဟုယုံကြည်ထားကြသည်။ ၎င်းခေါင်လောင်းတော်ကြီးမှာ ယခုထက်တိုင် မြစ်အောက်တွင် နစ်မြုပ်နေဆဲဖြစ်ပြီး ဆယ်ယူရန် ကြိုးပမ်းမှုများမှာ အောင်မြင်ခြင်း မရှိသေးပေ။
သမိုင်းကြောင်း
မြန်မာ့ သမိုင်းတွင် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၆ ဆက်မြောက် မွန်ဘုရင် ဓမ္မစေတီမင်း သည် ဟံသာဝတီ (ယခု ပဲခူး) မှ အုပ်စိုးပြီး ၁၄၈၀ ခုတွင် လူဦးရေ စစ်တမ်း ကောက်ယူခဲ့သည်။ သို့သော် သူခန့်အပ်ထားခဲ့သော ဥပိုက်၊ သမန္တရာဇ်၊ တုရင်းရာဇာ၊ စွန္တရာဇ် အမတ် ၄ယောက်တို့သည် အိမ်ထောင်စု စာရင်းသာမကပဲ အခွန်ပါ ကောက်ယူခဲ့ကြရာ ကြေးနီ ပိဿချိန် ၁၈၀ ဝ၀ဝ ရရှိသည်။ ဓမ္မစေတီမင်းအား ဆက်သသော အခါတွင် ဘုရင်က စိတ်ဆိုးပြီး၎င်းကြေးများကို ပြည်သူတို့ထံ ပြန်လည် ပေးအပ်စေသည်။ ပြည်သူတို့က ဘုရင်အား သူတို့ ပြန်မယူလိုဘဲ သင့်တော်ရာ ကောင်းမှုပြုရန် ဘုရင်အား ပြောသဖြင့် အမတ်ကြီး ဗညားအိန်အား ခေါင်းလောင်း အဖြစ် သွန်းစေခဲ့သည်။ ပဲခူးမြို့ ရွှေမော်ဓော ဘုရား၏ ရာဟုထောင့် အနောက်ဖက် မြေကွက်လပ်တွင် ၁၄၈၄ ခု ဖေဖော်ဝါရီလ ၅ ရက်နေ့ (မြန်မာသက္ကရာဇ် ၈၅၁ တပေါင်းလဆန်း (၈)ရက်၊ ကြာသပတေးနေ့) တွင် စတင်၍ ပွဲသဘင် ကျင်းပ၍ သွန်းလောင်းခဲ့သည်။ အခါပေးခဲ့သော ဆရာတို့မှာ ဇေယျာဗာဟု၊ ရာဇာဗာဟု၊ ပဲခူးသမုတ္တရာ နန္ဒစည်သူကျော်၊ သံဃရာဇာ ဆရာတို့ ဖြစ်သည်။ လောကညဏပဏ္ဏိတ် အမတ်က ခေါင်းလောင်း သွန်းလောင်းသော အချိန်မှာ မိချောင်းနက္ခတ် ဖြစ်သဖြင့် အသံကောင်းစွာ မမြည်နိုင်ဟု ဟောကြားခဲ့သည်။ ဘုရင်က ဟောကြားချက် မမှန်လျှင် ဆွေခုနှစ်ဆက် မျိုးခုနစ်ဆက် အပြစ်ပေးမည်။ ဟောကြားချက် မှန်လျှင် သူကောင်းပြုမည်ဟု ပြောကြားခဲ့သည်။ ခေါင်းလောင်းကြီး ပြီးသော အခါတွင် အသံမမည်သောကြောင့် လောကညဏပဏ္ဏိတ် အမတ်အား ရာဇ ပရောဟိတ ဘွဲ့ ချီးမြှင့်ခဲ့သည်။
ဤသည်မှာ ဓမ္မစေတီခေါင်းလောင်းကြီး၏ သမိုင်းကြောင်းပင်ဖြစ်သည်။
မိမိသိသည့် အချက်အလက်များကို ဝင်ရောက်ဆွေးနွေးပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ ကျေးဇူးအထူးတင်ရှိပါသည်။
ထိုက်အောင်ကျော်