အရင်တစ်ပတ်စနေနေ့က ရေယာဉ်တည်ဆောက်မှုနဲ့ပတ်သတ်ပြီး ဂျပန်အထက်တန်းကျောင်းသားတွေကို ပရယ်ဇင်တေးရှင်းမပေးခင် သူတို့ကို စာရွက်အပိုင်းလေးတွေပေးပြီး အဲ့စာရွက်ကို ကျွန်တော့်ဆီရောက်အောင် ပို့နိုင်မယ့်အရာတစ်ခု ဖန်တီးခိုင်းတယ်။ အချိန်စက္ကန့် ၆၀ ပေးထားတယ်။ ကော်၊ စက္ကူချုပ်စက် နဲ့ တိပ်တွေသုံးခွင့်ပေးထားတယ်။ ပြီးတော့ ကျွန်တော်က အဝေးတစ်နေရာမှာရပ်နေလိုက်တယ်။
အများစုက စက္ကူလေယာဉ်ပျံလုပ်ပြီး စက္ကူကြိုးကြာ၊ လုံးချေထားတဲ့စက္ကူစုတ်၊ တစ်ချို့ကြလည်း ခေါက်ရုံပဲ ခေါက်ထားကြတယ်။ အချိန်ပြည့်တော့ ကျွန်တော့်ဆီလှမ်းပစ်ခိုင်းတယ်၊ သူတို့ ပစ်ပေးတယ်။ တစ်ချို့ပဲ ကျွန်တော့်ဆီရောက်လာတယ်။ အဲ့မှာကျွန်တော်စပြီးတော့ တီထွင်ဖန်တီးမှု၊ လှပသေသပ် ကြည့်ကောင်းမှု၊ အချိန်အကန့်အသတ်၊ အသုံးပြုနိုင်တဲ့ပစ္စည်းနဲ့ကုန်ကြမ်း အကန့်အသတ်ရှိမှု၊ လေထု(ရေထု) ရဲ့တွန်းကန်ခုခံမှု၊ စွမ်းဆောင်နိုင်စွမ်းနဲ့အကျိုးဖြစ်မှု၊ ဖန်တီးတည်ဆောက်မှုရဲ့ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက် စတာတွေကို ရေယာဉ်တည်ဆောက်မှုနဲ့ နွယ်ပြီး ရှင်းပြပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ပုံမှာတွေ့တဲ့အတိုင်းပဲ အများစုက လေယာဉ်ခေါက်ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် ခေါက်ပုံခြင်း လုံးဝမတူကြပါဘူး။ ဒါကျွန်တော်တို့ နေထိုင်နေတဲ့ ပတ်ဝန်းကျင်နဲ့တူပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူး။ လူတိုင်းအကောင်းဆုံးဖြစ်အောင် ကြိုးစားနေပေမယ့် သူတို့အလုပ်လုပ်ပုံ၊ သူတို့နေထိုင်ပုံတွေဟာ စွမ်းဆောင်မှု အကျိုးဖြစ်မှု အကောင်းဆုံး ဖြစ်ချင်မှဖြစ်မှာပါ။ ဒါပေမယ့် မှားတယ်လို့သွားပြောလို့မရဘူး။ သူတို့မှာသင့်ထက်သာတဲ့အရာတွေရှိကောင်းရှိမှာပါ။ ဒီမှာလိုပဲပေါ့… တစ်ချို့စက္ကူလေယာဉ်တို့ စက္ကူကြိုးကြာတို့က အမြင်အားဖြင့် လှကြပေမယ့် ဝေးဝေးမသွားနိုင်ပါဘူး။ စက္ကူစုတ် စက္ကူလုံးကြပြန်တော့ အမြင်မလှပေမယ့် အလုပ်ဖြစ်တယ်လေ။ ဒါဟာအမှန်တရားပဲ။ လူတိုင်းဟာ သူ့နေရာနဲ့သူ သူ့အမြင်နဲ့သူ မှန်နေကြတာကြီးပဲ။ မတူညီတဲ့ဘာသာတရား၊ မတူညီတဲ့ အသားအရောင်၊ မတူညီတဲ့ ဘာသာစကား၊ မတူညီတဲ့ တွေးခေါ်ပုံ။ မတူညီမှုတွေရှိတာကို လက်ခံကြပြီး ကောင်းကောင်းမွန်မွန်နဲ့ အနာဂတ်ကို ဆက်လျှောက်ကြရအောင်…
ထိုက်အောင်ကျော်