အခန်း – ၀၂၊ အပိုင်း – ၀၅ ကို ဤတွင်ဖတ်ရှုရန်…
မိလိန္ဒပဉှာကျမ်း – အဆက်
၉။ သီလသည် အဘယ်လက္ခဏာ ရှိသနည်း
“အရှင်နာဂသေနဘုရား၊ ‘ယောနိသော မနသိကာရ၊ ပညာတို့မှတစ်ပါး အခြားကုသိုလ်တရား ကြောင့်လည်းကောင်း’ ဟု အရှင်ဘုရား မိန့်ဆိုခဲ့ပါ၏။ ထိုကုသိုလ်တရားတို့ကား အဘယ်ပါနည်း”
“မင်းမြတ်၊ သီလ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိတရားတို့ပေတည်း”
“အရှင်ဘုရား၊ သီလသည် အဘယ်လက္ခဏာ ရှိပါသနည်း”
“မင်းမြတ်၊ သီလသည် ကုသိုလ် တရားအားလုံးတို့၏ တည်ရာ မှီရာ လက္ခဏာ ရှိ၏။ သီလသည် ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်၊ သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်၊ ဣဒ္ဓိပါဒ်၊ စျာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ် ဟူသော ဗောဓိပက္ခိယတရားတို့၏ တည်ရာမှီရာ လက္ခဏာရှိ၏။ ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သီလ၌တည်၍၊ သီလ၌မှီ၍ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ ဟူသော ဣန္ဒြေငါးပါးတို့ကို ပွားများ၏။ ကုသိုလ်တရားတို့ တိုးပွားကြကုန်၏”
“အရှင်ဘုရား၊ ဥပမာ ပြုတော်မူပါ”
“မင်းမြတ်၊ အလုံးစုံသော သစ်ပင်၊ ချုံနွယ်တို့သည် မြေ၌တည်၍၊ မြေ၌မှီ၍ ကြီးထွားကြရ၊ ရှင်သန်ကြရ၊ ပြန့်ပွားကြရသကဲ့သို့ ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည်လည်း သီလ၌တည်၍၊ သီလ၌မှီ၍ ဣန္ဒြေငါးပါးတို့ကို ပွားများရပေ၏”
“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”
(ကျမ်းရင်း၌ မြေပေါ်မှာရပ်၍ အားစိုက်ခွန်စိုက် အလုပ်များလုပ်ရပုံ၊ မြေပေါ်မှာပင် သုတ်သင် ရှင်းလင်း၍ အကွက်ရိုက်ကာ မြို့ပြတည်ထောင်ရပုံ၊ မြေကိုတူးဆွ၍ နူးညံ့အောင် ပြုပြင်ထားပြီးမှ ကျွမ်းသမားများ ကျွမ်းကစား ပြရပုံတို့ကိုလည်း ဥပမာ ပြုသေး၏။)
ဆက်ရန်-