အခန်း – ၀၁၊ အပိုင်း – ၀၇ ကို ဤတွင်ဖတ်ရှုရန်…
မိလိန္ဒပဉှာကျမ်း – အဆက်
ဟိမဝန္တာသံဃာ့ အစည်းအဝေးသို့
ထိုအခါတွင် ဟိမဝန္တာတောင် ရက္ခိတကုန်းပြင်၌ စည်းဝေးနေကြသော ရဟန္တာမထေရ်တို့က “နာဂသေန လာစေသတည်း၊ ငါတို့သည် နာဂသေနကို ဖူးမြင်လိုကုန်၏” ဟု ရဟန်းတစ်ပါးကို စေလွှတ်ကြကုန်၏။ တမန်အဖြစ်လာခဲ့သော ရဟန်း၏စကားကို ကြားရသောအခါ အရှင်နာဂသေနသည် အဘိညာဉ်တန်ခိုးဖြင့် ရက္ခိတကုန်းပြင်သို့ ကြွရောက်၍ ရဟန္တာမထေရ်များ အား ရိုသေစွာ ရှိခိုးဦးချ၏။ စည်းဝေးနေကြသော ရဟန္တာမထေရ်များက “ငါ့ရှင် နာဂသေန၊ မိလိန္ဒမင်းသည် ဆန့်ကျင်ဘက် ဖြစ်နေသော စကားနှစ်ရပ်ကို ကိုင်စွဲ၍ ပြဿနာများ မေးမြန်းကာ ရဟန်း သံဃာကို နှိပ်စက် ညှဉ်းပန်းလျက် ရှိနေ၏။ “နာဂသေန၊ ငါတို့ တောင်းပန်ကြပါကုန်၏။ သင်သည် သာဂလမြို့တော်သို့ သွားရောက်၍ မိလိန္ဒမင်းကို ဆုံးမပါလော့” ဟု မိန့်ကြားကြ၏။ အရှင်နာဂသေနက “အရှင်ဘုရား၊ မိလိန္ဒမင်း တစ်ယောက်ကို ထားပါဦး၊ ဇမ္ဗူဒီပါကျွန်း တစ်ခုလုံးရှိ မင်းအပေါင်းတို့က ထောင်သောင်းမက ပြဿနာများ မေးလာကြသော်လည်း တပည့်တော် မကြောက်ရွံ့ပါ၊ မေးလာသမျှသော ပြဿနာတို့ကို ကောင်းကောင်းကြီး ဖောက်ထွင်းကာ ဖြေရှင်း၍ ပေးနိုင်ပါသည်။ အရှင်ဘုရားတို့လည်း မကြောက်ရွံ့ကုန်မူ၍ သာဂလမြို့တော်သို့ ကြွတော်မူ ကြပါ ဘုရား” ဟု လျှောက်ထား၏။
မိလိန္ဒမင်းနှင့် အရှင်အာယုပါလ
ထိုသို့ ကြွရောက်လာကြသော ရဟန်းများတွင် အရှင်အာယုပါလလည်း အပါအဝင်ဖြစ်၏။ တစ်နေ့သ၌ မိလိန္ဒမင်းသည် အရှင်အာယုပါလထံ ဝင်ရောက်၍ ပြဿနာများ မေးလျှောက်လိုသဖြင့် နေမိတ္တိက အမတ်က အရှင်အာယုပါလထံ တမန်စေလွှတ်၍ ပန်ကြားရ၏။ အရှင်အာယုပါလက “သို့ဖြစ်လျှင် လာပါစေသတည်း” ဟု မိန့်ကြား၏။ ဤတွင် မိလိန္ဒမင်းသည် ယောနက အမတ်ငါးရာ ခြံရံလျက် မြတ်သောရထားကို စီးကာ အရှင်အာယုပါလထံ ဝင်ရောက်၍ ရိုသေစွာ ရှိခိုးဦးချကာ နှုတ်ဆက်စကား လျှောက်ပြီးလျှင် ဤသို့ မေးလျှောက်၏။
“အရှင် အာယုပါလဘုရား၊ အရှင်ဘုရားတို့၏ ရဟန်းအဖြစ် ကျင့်သုံးရခြင်းသည် မည်သည့်အကျိုး ရှိပါသနည်း၊ ထို့ပြင် အရှင်ဘုရားတို့ အလွန်တရာ အလိုရှိအပ်သော အကျိုးတရားကား မည်သည့် တရား ဖြစ်ပါသနည်း”
“မင်းမြတ်၊ ရဟန်းအဖြစ် ကျင့်သုံးရခြင်းသည် တရားသဖြင့် ကျင့်ကြံရခြင်း၊ တရားနှင့်အညီ ကျင့်သုံးရခြင်း အကျိုးရှိ၏။ ငါတို့ အလွန်တရာ အလိုရှိအပ်သော တရားသည်ကား မဂ်ဖိုလ်ပေတည်း”
“အရှင် အာယုပါလဘုရား၊ ရဟန်းအဖြစ်ကို မခံယူပါဘဲလျက် တရားသဖြင့် ကျင့်သူ၊ တရားနှင့် အညီ ကျင့်ကြံသူ တစ်စုံတစ်ယောက် ရှိပါ၏လော”
“မင်းမြတ်၊ ရှိပါပေ၏။ ဗာရာဏသီမြို့အနီး မိဂဒါဝုန်တော်၌ ဓမ္မစကြာ ဒေသနာတော်ကို ဘုရားရှင် ဟောကြားတော်မူသောအခါ တစ်ဆယ့်ရှစ်ကုဋေမျှသော ဗြဟ္မာတို့ တရားသိမြင် အလင်းဝင်ကြ ကုန်၏။ တရားသိမြင် အလင်းဝင်သော နတ်တို့ကား မရေမတွက်နိုင်အောင် ရှိကြကုန်၏။ ထို့ပြင် မဟာသမယသုတ်၊ မဟာမင်္ဂလသုတ်၊ သမစိတ္တ ပရိယာယသုတ်၊ ရာဟုလောဝါဒသုတ်၊ ပရာဘဝသုတ်တို့ကို ဟောကြားတော်မူစဉ်ကလည်း မရေမတွက်နိုင်သော နတ်အပေါင်းတို့ ကျွတ်တမ်းဝင်ကြကုန်၏။ ထိုသူအပေါင်းတို့သည် ရဟန်းအဖြစ်ကို မခံယူကြကုန်”
“အရှင် အာယုပါလဘုရား၊ ရဟန်းအဖြစ်ကို မခံယူပါဘဲလျက်လည်း တရားကျင့်၍ ရနိုင်ပါမူကား အရှင်ဘုရားတို့၏ ရဟန်းအဖြစ် ကျင့်သုံးခြင်းသည် အကျိုးမဲ့၊ အချည်းနှီး ဖြစ်လေစွတကား။ ရှေး ရှေးဘဝတုန်းက ပြုခဲ့သော အကုသိုလ်ကံကြောင့် ယခုဘဝတွင် ဒုက္ခခံကာ ရဟန်းပြုကြရကုန်၏။ ဓုတင်အကျင့်ကို ကျင့်ကြရကုန်၏။ ဧကာသနိုက် ဓုတင် ဆောင်၍ တစ်ထပ်သာ စားကြရသော ရဟန်းတို့သည် ရှေးရှေးဘဝက သူတစ်ပါး၏ ပစ္စည်းကို ခိုးကြခဲ့လေယောင်တကား။ ထိုအကုသိုလ် ကံကြောင့် အချိန်မရွေး စားသောက်ခွင့်မရကြဘဲ တစ်နေရာတည်း၌ တစ်ထပ်သာ စားကြ လေယောင်တကား။ အဗ္ဘောကာသိက ဓုတင် ဆောင်၍ လွင်တီးခေါင်၌ နေထိုင်ကြရသော ရဟန်းတို့သည်လည်း ရှေးရှေးဘဝတို့၌ ကျေးလက်တောရွာတို့ကို ဖျက်ဆီးခဲ့သော ခိုးသားဓားပြတို့ ဖြစ်ခဲ့ကြလေယောင်တကား။ ထိုသို့ ဖျက်ဆီးခဲ့ကြဖူးသောကြောင့် အမိုးအကာအောက်တွင် နေထိုင်ခွင့် မရကြဘဲ လွင်တီးခေါင်၌ နေကြရလေယောင်တကား။ နိသဇ္ဇိ ဓုတင် ဆောင်၍ ထိုင်လျက်သာနေကြရသော ရဟန်းတို့သည်လည်း ရှေးရှေးဘဝ၌ လမ်းခရီးမှ စောင့်ကြိုနှိပ်စက် ကြသော ခိုးသားဓားပြတို့ ဖြစ်ခဲ့ကြလေယောင်တကား။ ထိုအကုသိုလ်ကံကြောင့် ယခုဘဝတွင် အိပ်စက်ခွင့်မရဘဲ ထိုင်လျက်သာ နေကြရလေယောင်တကား”
ဤသို့ မိလိန္ဒမင်း လျှောက်ထားလိုက်သောအခါ အရှင်အာယုပါလသည် ပြန်လည်ချေပရန် မစွမ်းနိုင်သဖြင့် နှုတ်ဆိတ်၍သာ နေရတော့၏။
ဆက်ရန် –