မိလိန္ဒပဉှာကျမ်း၏ အခန်း – ၀၂၊ မိလိန္ဒပဉှာကဏ္ဍ အပိုင်း – ၁ မှ ၁၀အထိဖော်ပြပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။အခန်း – ၀၂၊ အပိုင်း – ၁၀ကို ဤနေရာကိုနှိပ်၍ ဖတ်ရှုနိုင်ပါသည်။ ယခုအပိုင်း – ၁၁မှစ၍ အဒ္ဓါနဝဂ်အခန်းကို ဆက်လက်တင်ဆက်ပေးပါ့မည်။
**************************************************************************************
အဒ္ဓါနဝဂ်
၁။ ရှေ့တရားနှင့် နောက်တရား မည်သို့ ဆက်စပ်သနည်း
“အရှင်နာဂသေနဘုရား၊ တစ်စုံတစ်ယောက်သောသူသည် ပဋိသန္ဓေတည်နေလာ၏။ ထိုသူသည် ရှေးဘဝကသူပင် ဖြစ်သလော။ သို့မဟုတ် အခြားသူပင် ဖြစ်ပါသလော”
“မင်းမြတ်၊ ရှေးဘဝကသူလည်း မဟုတ်၊ အခြားသူလည်း မဟုတ်ပေ”
“အရှင်ဘုရား၊ ဥပမာ ပြတော်မူပါဦး”
“မင်းမြတ်၊ ရှေးယခင်က သင်မင်းမြတ်သည် ပက်လက်မျှသာ အိပ်တတ်သေးသောသူငယ် ဖြစ်ခဲ့၏။ ယခု လူကြီးဖြစ်လာသော သင်မင်းမြတ်သည် ထိုကလေးငယ်ပင် ဖြစ်ပါသလော”
“အရှင်ဘုရား၊ ထိုကလေးငယ်သည် တခြားဖြစ်၍ ယခုလူကြီးဖြစ်သော တပည့်တော်ကား တခြား ဖြစ်ပါသည်”
“မင်းမြတ်၊ ဤသို့ဖြစ်လျှင် အမိ၊ အဖ၊ ဆရာသမား၊ အတတ်ပညာတတ်ကျွမ်းသူ၊ သီလရှိသူ၊ ပညာရှိသူဟူ၍ ရှိနိုင်ကြတော့မည် မဟုတ်ပေ။ မင်းမြတ်၊ အသို့ပေနည်း။ ကာလရေကြည်တည်စဉ် က အမိသည် တခြားတစ်ယောက်ဖြစ်ကာ အမြှုပ်ဖြစ်စဉ်က အမိသည် အခြားတစ်ယောက် ဖြစ်လေသလော”
“အရှင်ဘုရား၊ ဤသို့ မဟုတ်ပါ”
သားတစ်ဖြစ်စဉ်၊ အတုံးအခဲဖြစ်စဉ်၊ သူငယ်ဖြစ်စဉ်၊ လူကြီးဖြစ်စဉ် အခါများနှင့် ပတ်သက်၍လည်း ဤသို့ပင် မေးဖြေကြ၏။
“အခြားတစ်ယောက်သည် အတတ်ပညာသင်ယူ၍ အခြားတစ်ယောက်က အတတ်ပညာ တတ်မြောက်နေပါသလော”
“အရှင်ဘုရား၊ ဤသို့ မဟုတ်ပါ”
“အခြား တစ်ယောက်က မကောင်းမှုကို ကျူးလွန်၍ အခြားတစ်ယောက်က လက်ဖြတ်၊ ခြေဖြတ် ခံရပါသလော”
“အရှင်ဘုရား၊ ဤသို့ မဟုတ်ပါ။ ဤပြဿနာအတိုင်း အခြားသူက အရှင်ဘုရားအား မေးမြန်းကြ ပါလျှင် အရှင်ဘုရားက မည်သို့ ဖြေကြားပါမည်နည်း”
“မင်းမြတ်၊ ငါသည် ပက်လက်မျှသာ အိပ်တတ်သေးသော ကလေးငယ် ဖြစ်ခဲ့ပြီးလျှင် ယခုအခါ ကြီးရင့်လာ၏။ ဤကိုယ်ခန္ဓာကို အမှီပြု၍သာလျှင် အရွယ်သုံးပါးလုံးကို သိမ်းကျုံး၍ ထားရပေ၏”
“အရှင်ဘုရား၊ ထပ်မံ၍ ဥပမာပြုတော်မူပါဦး”
“မင်းမြတ်၊ တစ်စုံတစ်ယောက်သောသူသည် မီးတိုင်ကို ထွန်းညှိထားရာ၏။ ထိုမီးတိုင်သည် တစ်ညဉ့်ပတ်လုံး ထွန်းလင်းပါမည်လော”
“အရှင်ဘုရား၊ ထွန်းလင်းပါလိမ့်မည်”
“မင်းမြတ်၊ အသို့ပါနည်း။ သန်းခေါင်ယံမှ မီးတောက်သည် ညဉ့်ဦးယံမှ မီးတောက်ပေလော”
“အရှင်ဘုရား၊ မဟုတ်ပါ”
“မိုးသောက်ယံမှ မီးတောက်သည် သန်းခေါင်ယံမှ မီးတောက်ပေလော”
“အရှင်ဘုရား၊ မဟုတ်ပါ”
“မင်းမြတ်၊ အသို့နည်း။ ညဉ့်ဦးယံက မီးတောက်သည် တခြားဖြစ်၍ သန်းခေါင်ယံက မီးတောက်သည် တခြားလေလော”
“အရှင်ဘုရား၊ မဟုတ်ပါ”
“သန်းခေါင်ယံမှ မီးတောက်သည် တခြားဖြစ်၍ မိုးသောက်ယံမှ မီးတောက်သည် တခြားလေလော”
“အရှင်ဘုရား၊ မဟုတ်ပါ။ ညဉ့်ဦးယံ၌ ရှိခဲ့သော မီးတောက်ကို အမှီပြု၍ သာလျှင် တစ်ညလုံး ထွန်းလင်းနေခြင်း ဖြစ်ပါသည်”
“မင်းမြတ်၊ ဤအတူသာပင် ဖြစ်ပေါ်လာသောတရားတို့သည် ရှေ့တရားနှင့် နောက်တရား ဆက်စပ်နေကြကုန်၏။ တရားတစ်ခုသည် ဖြစ်ပေါ်၍ တရားတစ်ခုသည် ချုပ်ပျောက်၏။ မရှေးမနှောင်း တစ်ပြိုင်နက် ဖြစ်ပေါ်နေသကဲ့သို့ ရှေ့တရားနှင့် နောက်တရား ဆက်စပ်နေ၏။ ထို့ကြောင့်ပင် ရှေးဘဝက သူလည်းမဟုတ်။ ရှေးဘဝကသူမှတစ်ပါး အခြားသူလည်းမဟုတ်။ ရှေ့ဘဝနှင့် နောက်ဘဝမှ စိတ်ဝိညာဉ်သည် တစ်ပေါင်းတည်း ဆက်စပ်နေပေ၏”
“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”
(ကျမ်းရင်း၌ နို့ရည်မှ နို့ဓမ်း(နို့ချဉ်) ဖြစ်လာပုံကိုလည်း ဥပမာ ပြုသေး၏)
ဆက်ရန် –