မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၀၄)

အခန်း – ၀၂၊ အပိုင်း – ၀၃ ကို ဤတွင်ဖတ်ရှုရန်…

မိလိန္ဒပဉှာကျမ်း – အဆက်

၅။ ရဟန်းပြုခြင်း၏ အကျိုးကား အဘယ်နည်း

ထို့နောက် အရှင်နာဂသေနသည် ရဟန်းရှစ်သောင်းနှင့် အတူတကွ နန်းတော်သို့ ဝင်ရောက် တော်မူ၏။ မိလိန္ဒမင်းသည် ရဟန်းအပေါင်းအား မြိန်မြတ်လှစွာသော ဆွမ်းခဲဖွယ် ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းပြီးလျှင် သင်္ကန်းတစ်စုံစီ ဆက်ကပ်၏။ အရှင်နာဂသေနကိုကား ဒုကုဋ်သင်္ကန်းကြီးပါထည့်၍ (တိစီဝရိတ်) သင်္ကန်းသုံးထည် လှူဒါန်း၏။ လှူဒါန်းရေးကိစ္စများ ပြီးစီး လတ်သော် မိလိန္ဒမင်းသည် အရှင်နာဂသေနနှင့်တကွ ရဟန်းဆယ်ပါးသာ နန်းတော်မှာ သီတင်းသုံးတော်မူရစ်ကြ၍ ကျန်သောရဟန်းများ ပြန်ကြွတော်မူပါရန် လျှောက်ထား၏။ ရဟန်းများ ကြွသွားပြီးနောက် အရှင်နာဂသေနနှင့် ရဟန်းဆယ်ပါးသာ ကျန်ရစ်သောအခါ မိလိန္ဒမင်းက ဤသို့ လျှောက်ထား၏။

“အရှင် နာဂသေန ဘုရား၊ မည်ကဲ့သို့သော စကားကို ပြောဆိုရပါအံ့နည်း”

“မင်းမြတ်၊ ငါတို့သည် အကျိုးစီးပွားကို အလိုရှိကြကုန်၏။ အကျိုးစီးပွားနှင့် ဆက်စပ်သော စကားကို ပြောဆိုကြပါကုန်အံ့”

“အရှင်ဘုရား၊ ရဟန်းပြုခြင်းသည် အဘယ်အကျိုး ရှိပါသနည်း။ အရှင်ဘုရားတို့ တောင့်တ အပ်သော အကျိုးတရားကား အဘယ်ပါနည်း”

“မင်းမြတ်၊ သံသရာဝဋ်ဆင်းရဲ၏ ချုပ်ရာချုပ်ကြောင်း နည်းလမ်းကောင်းကို ရှာဖွေရန်၊ ယခုလက်ရှိ ခံစားနေရသော ဝဋ်ဒုက္ခမှတစ်ပါး အခြားသော ဝဋ်ဒုက္ခတို့ ဖြစ်ပေါ်မလာစေရန် ငါတို့ ရဟန်း ပြုကြကုန်၏။ ထို့ကြောင့် ငါတို့ ရဟန်း ပြုရခြင်းသည် သံသရာဝဋ်ဒုက္ခ၏ ချုပ်ငြိမ်းခြင်း အကျိုးရှိ၏။ ယခုလက်ရှိ ခံစားနေရသော ဝဋ်ဒုက္ခမှတစ်ပါး အခြားသော ဝဋ်ဒုက္ခတို့ ဖြစ်ပေါ်မလာခြင်း အကျိုးရှိ၏။ ထို့ပြင် ငါတို့ တောင့်တအပ်သော အကျိုးတရားသည်ကား တဏှာဒိဋ္ဌိတို့ဖြင့် ကပ်ငြိစွဲ လမ်းခြင်း မရှိဘဲ တဏှာကြော့ကွင်းမှ လွတ်ကင်းရခြင်းပင်တည်း”

“အရှင်ဘုရား၊ ရဟန်းအားလုံးတို့သည် ထိုကဲ့သို့သော အကျိုးတရားတို့အလို့ငှာ ရဟန်းပြုကြ ပါကုန်သလော”

“မင်းမြတ်၊ အချို့သူတို့သည် ထိုအကျိုးတရားကို အလို့ငှာ ရဟန်း မပြုကြကုန်။ အချို့သူတို့သည် မင်းနှိပ်စက်ကုန်၍၊ အချို့သူတို့သည် ခိုးသူနှိပ်စက်ကုန်၍၊ အချို့သူတို့သည် ကြွေးမြီမဆပ်နိုင်ကုန်၍၊ အချို့သူတို့သည် အသက်မွေးဝမ်းကျောင်း မပြုလို၍ ရဟန်းပြုလာကြကုန်၏။ သာသနာတော်ကို ကြည်ညိုစိတ်ဖြင့် ကောင်းမွန်စွာ ရဟန်းပြုလာသူတို့ကား ပြဆိုခဲ့ပြီးသော အကျိုးတရား အလို့ငှာ ဖြစ်ကြပေကုန်၏”

“အရှင်ဘုရား၊ အရှင်ဘုရားသည် ဤသို့သော အကျိုးငှာ ရဟန်းပြုခဲ့ပါသလော”

“မင်းမြတ်၊ ငါသည် ငယ်ရွယ်စဉ်ကပင် ရှင်ရဟန်း ပြုလာခဲ့၏။ နိဗ္ဗာန်အလို့ငှာ ရဟန်းပြုရသည်ဟု ငါမသိချေ။ သာကီနွယ်ဖွား ရဟန်းတော်များထံမှ အတတ်ပညာသင်ကြားလို၍သာ ရှင်ရဟန်း ပြုလာခဲ့၏။ ရှင်ရဟန်းအဖြစ်ရပြီးခါမှ ရဟန်းများက သင်ကြားပေးကြသဖြင့် ဤသို့သော နိဗ္ဗာန် အလို့ငှာ ရဟန်းပြုရ၏ဟု သိလည်း သိလာရပေတော့သည်။ မြင်လည်း မြင်လာရပေတော့သည်”

“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”

၆။ အရှင်ဘုရားသည် ပဋိသန္ဓေ နေဦးမည်လော

“အရှင်နာဂသေနဘုရား၊ သေလွန်ပြီးနောက် တစ်ဖန် ပဋိသန္ဓေ မနေတော့သူ တစ်စုံတစ်ယောက် ရှိပါ၏လော”

“မင်းမြတ်၊ အချို့သောသူတို့သည် တစ်ဖန် ပဋိသန္ဓေ နေ၍ အချို့သောသူကား တစ်ဖန် ပဋိသန္ဓေ မနေတော့ချေ”

“အရှင်ဘုရား၊ အဘယ်သူသည် တစ်ဖန် ပဋိသန္ဓေနေ၍ အဘယ်သူသည် တစ်ဖန် ပဋိသန္ဓေ မနေတော့ပါသနည်း”

“မင်းမြတ်၊ ကိလေသာရှိနေသူသည် တစ်ဖန်ပဋိသန္ဓေ နေ၍ ကိလေသာမရှိသောသူကား တစ်ဖန် ပဋိသန္ဓေ မနေတော့ချေ”

“အရှင်ဘုရား၊ အရှင်ဘုရားသည် တစ်ဖန် ပဋိသန္ဓေ နေပါဦးမည်လော”

“မင်းမြတ်၊ အကယ်၍ ငါ့မှာ ဥပါဒါန် ကပ်ငြိနေသေးလျှင် ပဋိသန္ဓေနေရပေဦးမည်။ ငါ့မှ ဥပါဒါန် ကင်းကွာ နေလျှင်ကား နောက်ထပ်တစ်ဖန် ပဋိသန္ဓေ နေရန် မရှိတော့ပြီ”

“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”

(ဥပါဒါန်ကင်းကွာ၍ တစ်ဖန် ပဋိသန္ဓေမနေတော့သူမှာ ရဟန္တာပုဂ္ဂိုလ်ဖြစ်၏။ ရဟန်းများ အဖို့မှာ မိမိမှာ အဟုတ်ကယ် ထင်ရှားရှိနေသော ဈာန်မဂ်ဖိုလ်တရားကို လူတို့အား ပြောကြားလျှင် ပါစိတ်အာပတ် သင့်၏။ ထို့ကြောင့် အရှင်နာဂသေနက ပုဂ္ဂလဓိဋ္ဌာန်လွတ်အောင် ဖြေကြားခြင်း ဖြစ်ပေ၏။)

 

ဆက်ရန် –

Leave a Reply

Your email address will not be published. Required fields are marked *

Show
Hide