အခန်း – ၀၁၊ အပိုင်း – ၀၆ ကို ဤတွင်ဖတ်ရှုရန်…
မိလိန္ဒပဉှာကျမ်း – အဆက်
အရှင်နာဂသေန သောတာပန် တည်ခြင်း
တစ်နေ့သ၌ အရှင်အဿဂုတ္တအား နှစ်ပေါင်းသုံးဆယ်တိုင်တိုင် ဆွမ်းလုပ်ကျွေးလာခဲ့သော ဒါယိကာမကြီးက အရှင်နာဂသေနနှင့် အတူတကွ ဆွမ်းဘုဉ်းပေး ကြွတော်မူရန် ပင့်လျှောက်၏။ အရှင်အဿဂုတ္တသည် အရှင်နာဂသေနနှင့် အတူတကွ ဒါယိကာမကြီး အိမ်သို့ ကြွရောက်၍ ဆွမ်းဘုဉ်းပေးပြီးလျှင် “နာဂသေန၊ ဒါယိကာမကြီးအား ဝမ်းမြောက်ဖွယ်ရာ ဆွမ်း အနုမောဒနာ တရားကို ဟောကြားလော့” ဟု တာဝန်ပေးကာ ကျောင်းသို့ ပြန်ကြွသွား၏။ ဆွမ်း ဒါယိကာမကြီးကလည်း “အရှင်နာဂသေနဘုရား၊ တပည့်တော်မသည် အသက်အရွယ် ကြီးရင့်ပြီ ဖြစ်ပါ၍ နက်နဲသော တရားစကားကို ဟောကြားတော်မူပါ” ဟု တောင်းပန်၏။ အရှင်နာဂသေန သည် လောကမှ လွတ်မြောက်စေနိုင်ကြောင်း ကောင်းမြတ်လှသော တရားတော်ကို ဟောကြား လေရာ ထိုနေရာမှာပင် ဒါယိကာမကြီး၏သန္တန်၌ သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ ဖြစ်ပေါ်လာကြ၏။ အရှင်နာဂသေနသည်လည်း မိမိဟောကြားသော တရားကို မိမိဘာသာ ပြန်လည်သုံးသပ်လျက် ဝိပဿနာ ပွားများသဖြင့် ထိုနေရာမှာပင် သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရရှိ၏။ ကျောင်းတိုက်အတွင်းရှိ စည်းဝေးရာ တန်ဆောင်း၌ ထိုင်နေသော အရှင်အဿဂုတ္တသည် ထိုအကြောင်းကို အဘိညာဉ်စိတ်ဖြင့် သိရှိသဖြင့် “နာဂသေန၊ ကောင်းပေစွ။ ကောင်းပေစွ။ တစ်ချက်တည်း ပစ်လွှတ် လိုက်သော မြားဖြင့် ကိုယ်ခန္ဓာနှစ်ခုကို ပစ်ခွင်းနိုင်ပေစွ” ဟု ကောင်းချီး နုမော်သာဓုခေါ်၏။ အထောင်မကသော နတ်ဗြဟ္မာတို့ကလည်း သာဓုခေါ်ကြကုန်၏။
အရှင်ဓမ္မရက္ခိတ ထံတော်သို့
ထို့နောက် အရှင်နာဂသေနသည် ဝတ္တနိယ ကျောင်းသို့ ပြန်လာကာ အရှင်အဿဂုတ္တထံ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးဦးချ၏။ ဤတွင် အရှင်အဿဂုတ္တက
“နာဂသေန၊ ပါဋလိပုတ်မြို့တော် အသောကာရုံကျောင်း၌ နေထိုင်သော အရှင်ဓမ္မရက္ခိတထံသို့ ပိဋကကျမ်းဂန်များ သင်ကြားရန် သွားပေလော့” ဟု မိန့်ကြားလေရာ
“အရှင်ဘုရား၊ ပါဋလိပုတ်မြို့တော်သည် ဤကျောင်းမှ မည်မျှဝေးပါသနည်း”
“နာဂသေန၊ ယူဇနာ တစ်ရာတိုင်တိုင် ဝေးပေ၏”
“အရှင်ဘုရား၊ ခရီးဝေးလွန်းလှပါ၏။ လမ်းခရီး၌ ဆွမ်းရရန် ခဲယဉ်းပါလိမ့်မည်။ တပည့်တော် မည်သို့ သွားရပါမည်နည်း”
“နာဂသေန၊ သွားသာသွားလော့။ လမ်းခရီး၌ သင်သည် မြိန်မြတ်ဖွယ်ရာ သလေးဆွမ်းနှင့် သားပြွန်းဟင်းတို့ကို စားရလတ္တံ့”
“ကောင်းပါပြီ အရှင်ဘုရား”
အရှင်အဿဂုတ္တ၏ မိန့်ကြားချက်ကို လက်ခံကာ အရှင်အဿဂုတ္တကို ရိုသေစွာ ရှိခိုး ဦးချပြီးလျှင် သပိတ် သင်္ကန်းတို့ကို ယူဆောင်၍ ထွက်ခွာလာခဲ့၏။ အတန်ငယ် သွားမိသောအခါ ပါဋလိပုတ် မြို့တော်မှ သူဋ္ဌေးတစ်ယောက်နှင့် တွေ့ဆုံရ၏။ ပါဋလိပုတ်မြို့တော်မှ သူဋ္ဌေးသည် ကုန်လှည်း ငါးရာတို့ဖြင့် ပါဋလိပုတ်မြို့တော်သို့ ပြန်လာခိုက်တွင် အရှင်နာဂသေန၏ ဣရိယာပုတ်တို့ကို ကြည်ညိုမြတ်နိုးသဖြင့် မိမိလှည်းကို စီး၍ကြွပါရန် လျှောက်ထား၏။ လှည်းပေါ်သို့ ရောက်သောအခါ မြိန်မြတ်လှစွာသော သလေးဆွမ်းနှင့် သားပြွမ်းဟင်းတို့ကို ဆက်ကပ်၏။ အရှင်နာဂသေန ဆွမ်းဘုဉ်းပေး၍ ပြီးသောအခါ ပါဋလိပုတ်သူဋ္ဌေးက
“အရှင်ဘုရား၊ အရှင်ဘုရားသည် မည်သို့ ဘွဲ့မည်တော်ရှိပါသနည်း”
“ဒါယကာ၊ နာဂသေနဟု ဘွဲ့မည်ရှိပါ၏”
“အရှင်ဘုရား၊ အရှင်ဘုရားသည် ဘုရားဟော ဒေသနာတော်တို့ကို တတ်ကျွမ်းပါ၏လော”
“ဒါယကာ၊ အဘိဓမ္မာ ပိဋကမျှသာ တတ်ကျွမ်းပါ၏”
“အရှင်ဘုရား၊ တပည့်တော် အရတော်လေစွတကား၊ လူဖြစ်ကျိုးနပ်လေစွတကား၊ တပည့်တော် သည်လည်း အဘိဓမ္မာ ပိဋကကို နှုတ်ငုံဆောင်သူဖြစ်ပါ၏။ တပည့်တော်အား အဘိဓမ္မာ ဒေသနာတော်ကိုပင် ဟောကြားတော်မူပါဘုရား”
ဤသို့ ပါဋလိပုတ်သူဋ္ဌေးက တောင်းပန်သဖြင့် အရှင်နာဂသေနသည် အဘိဓမ္မာ ဒေသနာတော်တို့ကို ဟောကြားလေရာ ပါဋလိပုတ်သူဋ္ဌေးသည် ထိုနေရာမှာပင် သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိ၏။ ဤသို့ ဆရာနှင့်ဒါယကာ အတူတကွ လာခဲ့ကြ၍ ပါဋလိပုတ်မြို့တော် အနီးရှိ ခရီးလမ်းဆုံသို့ ရောက်လာသည်တွင် ပါဋလိပုတ်သူဋ္ဌေးက “အရှင်ဘုရား၊ ဤလမ်းသည်ကား အသောကာရုံကျောင်းသို့ သွားသော လမ်းပါတည်း။ တပည့်တော်၏ မွန်မြတ်လှစွာသော ဤကမ္ဗလာသည် အလျား တစ်ဆယ့်ခြောက်တောင်၊ အနံ ရှစ်တောင် ရှိပါ၏။ တပည့်တော်အား သနားသောအားဖြင့် ဤကမ္ဗလာကို အလှူခံတော်မူပါဘုရား” ဟု လျှောက်ကာ ကမ္ဗလာကို ဆက်ကပ်လေသည်။
အရှင်နာဂသေန ရဟန္တာဖြစ်ခြင်း
အရှင်နာဂသေနသည် ကမ္ဗလာကို အလှူခံပြီးလျှင် အသောကာရုံကျောင်းသို့ ဝင်ရောက်၍ အရှင်ဓမ္မရက္ခိတကို ရိုသေစွာ ရှိခိုးဦးချကာ မိမိလာရောက်ရခြင်းအကြောင်းကို လျှောက်ထား၏။ အရှင်ဓမ္မရက္ခိတထံ မိမိကိုယ်ကို အပ်နှံ၏။ အရှင်ဓမ္မရက္ခိတကလည်း အရှင်နာဂသေနကို တပည့် အဖြစ် လက်ခံကာ ဝိနည်းပိဋကနှင့် သုတ္တန်ပိဋကတို့ကို သင်ကြားပေး၏။ အရှင်နာဂသေနသည် တစ်ကြိမ်တစ်ခါ ရွတ်ဆိုပြရုံနှင့်ပင် ပိဋကနှစ်ပုံလုံးကို နှုတ်တက်အာဂုံ ဆောင်နိုင်လာ၏။ သဘော အဓိပ္ပာယ်ကို စိတ်ဖြာ လေ့လာသုံးသပ်နိုင်၏။ ထိုအခါ အရှင်ဓမ္မရက္ခိတက “နာဂသေန၊ သင်သည် နွားကျောင်းသား ကဲ့သို့သာ ရှိသေး၏။ နွာကျောင်းသားသည် နွားများကို ထိန်းကျောင်းရသော်လည်း ထောပတ်ဆီဦးကိုကား မစားမသောက်ရချေ။ ထို့အတူပင် သင်သည်လည်း ပိဋကသုံးပုံကို ဆောင်နိုင်သော်လည်း အထက်မဂ်ဖိုလ်တို့ကို မရရှိသေးချေ” ဟု မိန့်တော်မူ၏။ အရှင်နာဂသေန သည် ထိုအဆုံးအမကို ရိုသေစွာခံယူ၍ ဝိပဿနာတရား ပွားများလေရာ ထိုညဉ့်အတွင်းမှာ ပဋိသမ္ဘိဒါ ဉာဏ်လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ရှိလေသည်။ ထိုတစ်ခဏမှာပင် နတ်အပေါင်းတို့က ကောင်းချီးနုမော် သာဓုခေါ်ကြလေသည်။
ဆက်ရန် –
အခန်း – ၀၂၊ အပိုင်း – ၁၃ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၅။ သုခဝေဒနာသည် ဆင်းရဲသေးသလော "အရှင်နာဂသေနဘုရား၊…
အခန်း – ၀၂၊ အပိုင်း – ၁၂ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၄။ ရဟန္တာပုဂ္ဂိုလ်သည် အဘယ်ဝေဒနာကို ခံစားသနည်း "အရှင်နာဂသေနဘုရား၊…
အခန်း – ၀၂၊ အပိုင်း – ၁၁ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၂။ ပဋိသန္ဓေ မနေရတော့ကြောင်း ကိုယ်တိုင်သိနိုင်သလော…
မိလိန္ဒပဉှာကျမ်း၏ အခန်း – ၀၂၊ မိလိန္ဒပဉှာကဏ္ဍ အပိုင်း – ၁ မှ ၁၀အထိဖော်ပြပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။အခန်း – ၀၂၊ အပိုင်း – ၁၀ကို…
အခန်း – ၀၂၊ အပိုင်း – ၀၉ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၁၆။ အကြောင်းများစွာ အကျိုးတစ်ပါးသာလော "အရှင်နာဂသေနဘုရား၊…
အခန်း – ၀၂၊ အပိုင်း – ၀၈ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၁၄။ သမာဓိသည် အဘယ်လက္ခဏာ ရှိသနည်း…
This website uses cookies.