အခန်း – ၀၁၊ အပိုင်း – ၀၄ ကို ဤတွင်ဖတ်ရှုရန်…
မိလိန္ဒပဉှာကျမ်း – အဆက်
နာဂသေနနှင့် အရှင်ရောဟဏတို့၏ အမေးအဖြေ
ဤသို့ စိတ်မချမ်းမသာ ဖြစ်နေရသည်ကို ဝတ္တနိယ ကျောင်း၌ သီတင်းသုံးနေသော အရှင်ရောဟဏသည် ပရစိတ္တဝိဇာနန အဘိညာဉ်ဖြင့် သိရှိကာ အဘိညာဉ် တန်ခိုးဖြင့် ဂဇင်္ဂလရွာရှေ့သို့ ကြွရောက်လာ၏။ နာဂသေနသည် မိမိတို့အိမ်သို့ နေ့စဉ်ဆွမ်းခံကြွနေကျ ဖြစ်သော အရှင်ရောဟဏကို အဝေးမှပင် ဖူးမြင်ရ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်လာ၏။
“ဤရဟန်းသည် အနှစ်သာရ တစ်ခုခုကို သိမြင်ရာ၏” ဟု တွေးတောကာ အရှင်ရောဟဏထံ ချဉ်းကပ်၍
“အရှင်ဘုရား၊ ဤကဲ့သို့ ကတုံးတုံး၍ ဖန်ရည်ဆိုး အဝတ်များ ဝတ်ရုံထားသော အရှင်ဘုရားသည် မည်သည့်လူမျိုး ဖြစ်ပါသနည်း” ဟု မေးလျှောက်လေရာ
“သူငယ်၊ ငါကား ရဟန်းမည်ပေ၏”
“အရှင်ဘုရား အဘယ်ကြောင့် ရဟန်းမည်ပါသနည်း”
“သူငယ်၊ ငါသည် ယုတ်ညံ့သော အကုသိုလ် အညစ်အကြေးတို့ကို နှင်ထုတ်သောကြောင့် ရဟန်းမည်ပေ၏”
“အရှင်ဘုရား၊ အရှင်ဘုရား၏ ဆံပင်သည် အဘယ်ကြောင့် သူတစ်ပါးတို့၏ ဆံပင်ကဲ့သို့ မဟုတ်ပါသနည်း”
“သူငယ်၊ ဆံပင်၌ ပြုပြင်ဖွယ်ရာ တစ်ဆယ့်ခြောက်ပါးသော ကြောင့်ကြမှုတို့ကို ရှုမြင်ထား၍ ဆံမုတ်ဆိတ်တို့ကို ရိတ်ပယ်ထားပေသည်”
“အရှင်ဘုရား၊ တစ်ဆယ့်ခြောက်ပါးသော ကြောင့်ကြမှုတို့ကား အဘယ်ပါနည်း”
“သူငယ်၊ ဆံပင်ကို တန်ဆာဆင်ရခြင်း၊ ပြေပြစ် ချောမွေ့အောင် ပြုလုပ်ရခြင်း၊ ဆီလိမ်းရခြင်း၊ ခေါင်းလျှော်ရခြင်း၊ ပန်းပန်ရခြင်း၊ အမွှေးအကြိုင် လိမ်းရခြင်း၊ ခေါင်းလျှော်ရန် တရော်ကင်းပွန်း တို့ကို စိမ်ရခြင်း၊ သဖန်းခါးသီးရှာရခြင်း၊ သျှိသျှားသီးရှာရခြင်း၊ ဆံပင်နက်အောင် ဆိုးရည်ဆိုး ရခြင်း၊ သျှောင်ထုံးရခြင်း၊ ဘီးဖြင့်ဖြီးရခြင်း၊ ဆတ္တာသည်တို့အား ပြုပြင်ပေးရန် ခိုင်းရခြင်း၊ ထုံးပြီးသောသျှောင်ကို ပြန်၍ ဖြေရခြင်း၊ ဆံပင်တို့ ကျွတ်သောအခါ၊ ပြတ်သောအခါ စိုးရိမ်ပူဆွေး လွန်မင်းစွာ တွေဝေမိန်းမောရခြင်း တို့ပင်တည်း”
“အရှင်ဘုရား၊ အရှင်ဘုရားတို့၏ အဝတ်တို့သည် အဘယ်ကြောင့် သူတစ်ပါးတို့၏ အဝတ်နှင့် မတူပါကုန်သနည်း”
“သူငယ်၊ လူတို့၏ အသွင်အပြင်၊ လူတို့၏ အဝတ်ဘဏ္ဍာတို့သည် ကာမဂုဏ်တို့၌ မှီကုန်၏။ ကာမဂုဏ် မှီဝဲခြင်းနှင့် စပ်ယှဉ်ကုန်၏။ ထိုအဝတ်ကို အမှီပြု၍ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရကုန်၏။ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ထားသောသူမှာကား အဝတ်ကို မှီ၍ ဖြစ်ကုန်သော ဘေးအန္တရာယ်တို့ မကျရောက်နိုင်ကုန်။ ထို့ကြောင့် ငါ၏ အဝတ်တို့သည် သူတစ်ပါးတို့၏ အဝတ်နှင့် မတူကြခြင်း ဖြစ်ပေသည်”
“အရှင်ဘုရား၊ အရှင်ဘုရားသည် မည်သို့သော အတတ်ပညာတို့ကို တတ်မြောက်ပါသနည်း”
“သူငယ်၊ ငါသည် လောက၌ အကျုံးဝင်သော အတတ်ပညာတို့ကိုလည်း တတ်မြောက်၏။ လောကထက် လွန်မြတ်သော မန္တန်တို့ကိုလည်း တတ်မြောက်၏”
“အရှင်ဘုရား၊ လောကထက် လွန်မြတ်သော မန္တန်တို့ကို တပည့်တော်အား သင်ကြားပေး၍ ပေးနိုင်ပါမည်လော”
“သူငယ် သင်ကြား၍ပေးနိုင်ပါ၏”
“အရှင်ဘုရား၊ ဤသို့ဖြစ်လျှင် ယခုပင် သင်ကြား၍ ပေးပါလော့”
“သူငယ်၊ ယခု အခါမဟုတ်သေး။ ရွာတွင်းသို့ ဆွမ်းခံ ဝင်ရဦးမည် ဖြစ်ပေသည်”
ဤသို့ အရှင်ရောဟဏက မိန့်ကြားလိုက်သောအခါ နာဂသေနသည် အရှင်ရောဟဏ၏ လက်မှသပိတ်ကို ယူငင်ကာ မိမိအိမ်သို့ ပင့်ဆောင်ပြီး မွန်မြတ်လှစွာသော ခဲဖွယ်ဘောစဉ်တို့ကို ဆက်ကပ်၏။ အရှင်ရောဟဏသည် ဆွမ်းဘုဉ်းပေး၍ ပြီးသောအခါ “အရှင်ဘုရား၊ မန္တန်တို့ကို ယခုသင်ပေးပါဘုရား” ဟု လျှောက်ထား၏။ အရှင်ရောဟဏက “သူငယ်၊ မိဘတို့ထံ ခွင့်ပန်ကာ ငါတို့ကဲ့သို့ အဝတ်သင်္ကန်း ဆင်မြန်းနိုင်သောအခါ မန္တန်တို့ကို သင်ပေးပါအံ့” ဟု မိန့်ဆို၏။ ထိုအခါ နာဂသေနသည် မိဘတို့ထံ ချဉ်းကပ်ကာ “မိခင် ဖခင်တို့၊ ဤရဟန်းသည် လောကထက် လွန်မြတ် သော မန္တန်ကို တတ်မြောက်၏ဟု ဆိုပါ၏။ သို့ရာတွင် မိမိတို့ထံ ရှင်ရဟန်း မပြုသူအား ထိုမန္တန်ကို သင်ကြား၍ မပေးပါ။ သို့ဖြစ်၍ ကျွန်ုပ်သည် ရဟန်း၏အထံ၌ ရှင်ပြုပြီးလျှင် ထိုမန္တန်ကို သင်ယူလိုပါ၏” ပန်ကြား၏။ မိခင်၊ ဖခင်တို့ကလည်း ငါတို့၏သားသည် မန္တန် သင်ယူပြီးလျှင် ပြန်လာလိမ့်မည်ဟု ထင်မှတ်ကာ ရှင်ပြုခွင့် ပေးလိုက်ကြသည်။
ရှင်နာဂသေန၏ ပညာအစွမ်း
ထိုအခါ အရှင် ရောဟဏသည် ဝတ္တနိယကျောင်း ရှိရာ ဝိဇမ္ဘဝတ္တု ကျောင်းတိုက်သို့ နာဂသေနကို ခေါ်ယူလာခဲ့၏။ ဝိဇမ္ဘဝတ္တုကျောင်းတိုက်၌ တစ်ညအိပ်ပြီးလျှင် ဟိမဝန္တာတောင် မှာရှိသော ရက္ခိတကုန်းပြင်သို့ ခေါ်ဆောင်လာခဲ့၏။ ရက္ခိတကုန်းပြင်မှာ ညီညာဖြဖြ စည်းဝေး နေကြသော ရဟန္တာပုဂ္ဂိုလ်များ၏ ရှေ့မှောက်၌ နာဂသေနကို ရှင်ပြုပေး၏။ ဤတွင်မှ အရှင်ရောဟဏမှာ အပြစ်ဒဏ်ကျခံနေရခြင်းမှ ကင်းလွတ် သွားပေသည်။
အပြစ်ဒဏ်မှ ကင်းလွတ်သွားသော်လည်း ဆရာသမားတို့၏ တာဝန် ဝတ္တရားတို့ကား ရှိနေသေး၏။ သို့ဖြစ်၍ အရှင်ရောဟဏသည် ရှင်နာဂသေန ပညာစွမ်းကို ဆင်ခြင်သုံးသပ်ကာ အဘိဓမ္မာပိဋကကို ရှေးဦးစွာ သင်ကြားပေး၏။ ရှင်နာဂသေနသည် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း ဟူသော အဘိဓမ္မာခုနှစ်ကျမ်းတို့ကို တစ်ကြိမ်ပို့ချရုံမျှနှင့်ပင် နှုတ်တတ်အာဂုံရွတ်ဆိုနိုင်၏။ သဘောအဓိပ္ပာယ်တို့ကို ဝေဖန်ပိုင်းခြား နားလည်လာ၏။ ထို့ကြောင့် အရှင်နာဂသေနသည် ရဟန္တာပုဂ္ဂိုလ် မြောက်မြားစွာတို့၏ ရှေ့မှောက်၌ အဘိဓမ္မာ ခုနှစ်ကျမ်းမှာ လာရှိသော တရားသဘောအားလုံးကို ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကထာဓမ္မာ ဟူသော တိတ်ပုဒ်သုံးပုဒ်၌ သွတ်သွင်းကာ ခုနှစ်လတိုင်တိုင် အကျယ်အားဖြင့် ဝေဖန်ဟောကြား၏။ ထိုတရားပွဲပြီးဆုံးသောအခါ မဟာပထဝီ မြေကြီးသည် ပဲ့တင်သံ မြည်ဟည်း၏။ နတ်အပေါင်းတို့ ကောင်းချီးပေးကုန်၏။ ဗြဟ္မာ အပေါင်းတို့ လက်ခမောင်း ခတ်ကြကုန်၏။ နတ်တို့၏ အခိုးအနံ့သာတို့ ကြဲဖြန့်လာကုန်၏။ နတ်တို့၏ မန္ဒာရဝပန်းမိုးတို့ ရွာသွန်းကုန်၏။
ဆက်ရန် –