အခန်း – ၀၁၊ အပိုင်း – ၀၁ ကို ဤတွင်ဖတ်ရှုရန်…
မိလိန္ဒပဉှာကျမ်း – အဆက်
သာဂလမြို့တော်
ထိုကောင်းမှုရှင်နှစ်ဦးတွင် သာမဏေသည် ဇမ္ဗူဒိပ်ကျွန်း၊ ယောနကတိုင်း၊ သာဂလမြို့၌ မိလိန္ဒမင်း ဖြစ်လာ၏။ မိလိန္ဒမင်း၏ ထီးနန်းစိုးစံရာ သာဂလမြို့ကား မြစ်ချောင်း၊ တောင်တန်းတို့ဖြင့် တင့်တယ်လှ၏။ မြို့၏ မြေမျက်နှာသည် မွေ့လျော်ဖွယ်ရှိ၏။ မြို့၏ ထက်ဝန်းကျင်၌ ဥယျာဉ်များ၊ တောင်တန်းများ၊ တစ်ဖက်ဆည်ကန်များ၊ လေးထောင့်ကန်များ အစီအရီရှိကြကုန်၏။ ပြအိုးနှင့် တံခါးမုခ်တို့သည် အထူးထူးအပြားပြား ဆန်းကြယ်ကုန်၏။ မြဲမြံ ခိုင်ခံ့ကုန်၏။ တံခါးခုံတို့သည် အလွန်တရာ ကောင်းမွန်ကုန်၏။ နန်းမြို့တော်ကို နက်လှစွာသောကျုံးနှင့် ဖွေးဖွေးဖြူသော မြို့ရိုးဖြင့် ဝိုင်းရံထား၏။ လမ်းမ၊ လမ်းသွယ်၊ လမ်းဆုံတို့ကို စနစ်တကျ တိုင်းတာ ဖောက်လုပ်ထား ၏။ မြို့တော်အတွင်းရှိ ဈေးရုံတော်ကြီးတွင် အဖိုးထိုက်အဖိုးတန် ကုန်ပစ္စည်းများ ခင်းကျင်း ထား၏။ မြို့တော်တစ်ဝန်းလုံးတွင် အလှူဏ္ဍပ်များ တင့်တယ်စွာ ရှိကြကုန်၏။ အသိန်း၊ အသောင်း မျှသော နန်းဆောင်တို့သည် ဟိမဝန္တာ တောင်ထွတ်တို့ကဲ့သို့ ခန့်ထည် မြင့်မားကုန်၏။ ဆင်၊ မြင်း၊ ရထားနှင့် ခြေကျင် စစ်သားတည်းဟူသော စစ်အင်္ဂါလေးပါးတို့က မြို့တော်ကို ရန်သူတို့ မတိုက်ခိုက် နိုင်အောင် စောင့်ကြပ်လျက် ရှိကြကုန်၏။ မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ ဆင်းရဲသားတို့နှင့်တကွ အမျိုးမျိုးသော သမဏ၊ ဗြဟ္မဏတို့ မှီတင်းနေထိုင် ကြကုန်၏။ စပါး၊ ဆန်၊ ရေ၊ ရတနာရွှေငွေတို့ ပြည့်စုံ ကုံလုံစွာ ရှိကြကုန်၏။
မိလိန္ဒမင်း၏ အရည်အချင်းများ
အာဠာကမန္ဒာ နတ်မြို့တော်နှင့် တူလှစွာသော ထိုသာဂလမြို့တော်၌ ထီးနန်းစိုးစံသော မိလိန္ဒမင်း သည်ကား ဉာဏ်ပညာရှိ၏။ အမှုကိစ္စများစွာတို့၌ ကျွမ်းကျင်လိမ္မာ၏။ ထိုးထွင်းဉာဏ် ရှိ၏။ တစ်စုံ တစ်ခုသော အမှုကိစ္စကို အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးတန်ဖြင့် ဝေဖန်သုံးသပ်ပြီးမှ ပြုလုပ်လေ့ရှိ၏။ ပညာဖြင့် စူးစမ်းဆင်ခြင်ပြီးမှ ပြုလုပ်လေ့ရှိ၏။ သုတိ၊ သမိတိ၊ သင်္ချာ စသော တစ်ဆယ့်ရှစ်ရပ်သော ကျမ်းဂန်များနှင့်တကွ ဘုရားဟော ပိဋကကျမ်းဂန် တို့ကိုပါ သင်ကြား တတ်မြောက်ထား၏။ ပညာရှိတို့၏ စိတ်နှလုံးကို တုန်လှုပ်ချောက်ချား သွားစေရန် ပြောဆိုနိုင်စွမ်း ရှိ၏။ ဇမ္ဗူဒိပ်ကျွန်း တစ်ခုလုံးတွင် မိလိန္ဒမင်းနှင့် တူမျှသော ဉာဏ်ပညာကြီးမားသူ၊ ရဲစွမ်းသတ္တိ ထက်မြက်သူဟူ၍ တစ်စုံတစ်ယောက်မျှ မရှိတော့ချေ။
တစ်နေ့သ၌ မိလိန္ဒမင်းသည် သာဂလမြို့မှ ထွက်ခွာ၍ စစ်သည်ဗိုလ်ပါ ဆင်ယာဉ် မြင်းယာဉ် တို့ဖြင့် ခင်းကျင်းပြသသော စစ်ရေးပြပွဲကို ကြည့်ရှုပြီးလျှင် နေကိုမော်၍ ကြည့်ရှုကာ “အချင်း အမတ်တို့၊ အချိန်များစွာ ကျန်ရှိနေသေး၏။ အဘယ်ကို ငါတို့ ပြုကြကုန်အံ့နည်း။ မိမိကိုယ်ကို ဘုရားဟူ၍ ဝန်ခံရဲသော သမဏ၊ ဗြာဟ္မဏ တစ်စုံတစ်ယောက်ရှိပါလျှင် ယခုပင်လျှင် မြို့တွင်းသို့ ဝင်ရောက်ကြကုန်အံ့။ ထိုသူတို့ထံသို့ ချဉ်းကပ်၍ သိလိုရာရာ ပြဿနာများကို မေးမြန်း ကြကုန်အံ့။ ယုံမှားသင်္ကာကို ပယ်ဖျောက်ကြကုန်အံ့” ဟု မိန့်ဆိုလေသည်။
ဤသို့ မိန့်ဆိုသောအခါ ယောနကတိုင်းမှ အမတ်ငါးရာတို့က ဤသို့ လျှောက်တင် ကြကုန်၏။ “အရှင်မင်းမြတ်၊ ပုရဏကဿပ၊ မက္ခလိဂေါသာလ၊ နိဂဏ္ဌပုတ္တ၊ သဉ္စယဗေလဋ္ဌပုတ္တ၊ အဇိတကေသကမ္ဗလ၊ ပကုဓကစ္စာယန ဟူသော ဂိုဏ်းဆရာကြီး ခြောက်ဦးတို့သည် တပည့် ပရိတ်သတ် ပေါများကြပါကုန်၏။ ဂိုဏ်းဆရာကြီးများ အဖြစ်ဖြင့် ထင်ရှားကြကုန်၏။ ဂုဏ်သတင်းအားဖြင့် ကျော်စောကြပါကုန်၏။ လူများစွာတို့က သူတော်သူမြတ်များဟု သူတို့ကို သတ်မှတ်ထား ကြပါကုန်၏။ အရှင်မင်းမြတ်သည် ထိုဂိုဏ်းဆရာကြီးများထံ ချဉ်းကပ်၍ အမေး ပုစ္ဆာများ မေးမြန်းတော်မူပါဘုရား” ဟု လျှောက်တင်ကြလေသည်။
ဂိုဏ်းဆရာကြီးများနှင့် ဆွေးနွေးခြင်း
ထိုအခါ မိလိန္ဒမင်းသည် ယောနကအမတ် ငါးရာတို့ ခြံရံလျက် မြင်းရထားစီးကာ ပုရဏကဿပထံသို့ ချဉ်းကပ်၏။ ပုရဏကဿပနှင့် အတူတကွ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် စကားပြောဆို၏။ အသက်ထက်ဆုံး အောက်မေ့ဖွယ်ရာ သာယာချေငံစွာ စကားပြောဆို၏။ ထို့နောက် သင့်တင့်လျောက်ပတ်သော နေရာ၌ထိုင်ပြီးလျှင် “အရှင်ကဿပ၊ လောကကို အဘယ် အရာက စောင့်ရှောက် ထားပါသနည်း” ဟု မေးမြန်း၏။ “မင်းမြတ်၊ လောကကို မြေကြီးက စောင့်ရှောက်ထား၏” ဟု ပုရဏကဿပက ဖြေကြား၏။ “အရှင်ကဿပ၊ မြေကြီးက လောကကကို စောင့်ရှောက်ထားပါလျှင် ငရဲသို့ ကျသောသူသည် အဘယ့်ကြောင့် မြေကြီးကို ကျော်လွန်၍ ကျရောက်လာနိုင်ပါသနည်း” ဟု မိလိန္ဒမင်းက ထပ်ဆင့်၍ မေး၏။ ဤတွင် ပုရဏကဿပသည် မထွေးနိုင် မမျိုနိုင် ဖြစ်ကာ မျက်နှာအောက်ချ၍ နေရလေတော့သည်။ ဦးခေါင်း ငိုက်စိုက်ဖြင့် တိတ်ဆိတ်စွာ နေရလေတော့သည်။
ထို့နောက် မိလိန္ဒမင်းသည် မက္ခလိဂေါသာလထံသို့ ချဉ်းကပ်ပြီးလျှင် “အရှင်ဂေါသာလ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ ရှိကြပါသလော။ ကုသိုလ်ကံ၊ အကုသိုလ်ကံ၏ အကျိုးတရားတို့ ရှိကြပါကုန်သလော” ဟု မေးပြန်၏။ ဤတွင် မက္ခဂေါသာလက “မင်းမြတ် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ မရှိကြကုန်။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးတရားတို့ မရှိကြကုန်။ မင်းမြတ်၊ ဤဘဝမှ တမလွန်ဘဝသို့ ပြောင်းရွှေ့ကြရသော်လည်း မင်းမျိုးတို့သည် မင်းမျိုးတို့သာ ဖြစ်ကြရကုန်၏။ ပုဏ္ဏား၊ ကုန်သည်၊ ဒွန်းစဏ္ဍားတို့သည်လည်း ဖြစ်မြဲတိုင်းသာ ဖြစ်ကြရကုန်၏။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ဖြင့် အဘယ်အကျိုး ရှိပါအံ့နည်း” ဟု ဖြေဆို၏။ “အရှင်ဂေါသာလ၊ အမျိုးလေးပါးတို့သည် ရှေးဘဝအတိုင်းသာ တမလွန်ဘဝ၌ ဖြစ်ကြရလျှင် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ဖြင့် ပြုဖွယ်ကိစ္စ မရှိခဲ့ပါလျှင် ယခင်ဘဝ၌ လက်ပြတ်ခဲ့သောသူတို့သည် တမလွန်ဘဝ၌လည်း လက်ပြတ်သူတို့ပင် ဖြစ်နေပေလိမ့်မည်တကား။ ခြေပြတ်ခဲ့သော သူတို့သည် ခြေပြတ်သူတို့ပင် ဖြစ်နေရပေလိမ့်မည်တကား။ ခြေရောလက်ပါ ပြတ်သောသူ၊ နားပြတ်သောသူ၊ နှာခေါင်းပြတ်သောသူတို့သည် ယခင်ဘဝအတိုင်းသာ ရှိနေပေလိမ့်မည်တကား” ဟု မိလိန္ဒမင်းက ပြန်လည်ပြောဆို၏။ မက္ခလိဂေါသာလသည် ဤစကားကို မချေပနိုင်သဖြင့် နှုတ်ပိတ်၍သာ နေရလေတော့သည်။
ဆက်ရန် –
အခန်း – ၀၂၊ အပိုင်း – ၁၃ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၅။ သုခဝေဒနာသည် ဆင်းရဲသေးသလော "အရှင်နာဂသေနဘုရား၊…
အခန်း – ၀၂၊ အပိုင်း – ၁၂ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၄။ ရဟန္တာပုဂ္ဂိုလ်သည် အဘယ်ဝေဒနာကို ခံစားသနည်း "အရှင်နာဂသေနဘုရား၊…
အခန်း – ၀၂၊ အပိုင်း – ၁၁ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၂။ ပဋိသန္ဓေ မနေရတော့ကြောင်း ကိုယ်တိုင်သိနိုင်သလော…
မိလိန္ဒပဉှာကျမ်း၏ အခန်း – ၀၂၊ မိလိန္ဒပဉှာကဏ္ဍ အပိုင်း – ၁ မှ ၁၀အထိဖော်ပြပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။အခန်း – ၀၂၊ အပိုင်း – ၁၀ကို…
အခန်း – ၀၂၊ အပိုင်း – ၀၉ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၁၆။ အကြောင်းများစွာ အကျိုးတစ်ပါးသာလော "အရှင်နာဂသေနဘုရား၊…
အခန်း – ၀၂၊ အပိုင်း – ၀၈ ကို ဤတွင်ဖတ်ရှုရန်… မိလိန္ဒပဉှာကျမ်း – အဆက် ၁၄။ သမာဓိသည် အဘယ်လက္ခဏာ ရှိသနည်း…
This website uses cookies.