ယူနီကုဒ်စနစ်သို့ တဖြည်းဖြည်းချင်း ပြောင်းလဲလာသော်လည်း တရားစာပေများကို ယူနီကုဒ်စာရိုက်စနစ်ဖြစ် ရေးသားထားသည်များ မရှိသလောက်နည်းပါးနေသည်ကို တွေ့ရသောကြောင့် တရားစာပေများ ရေးရန်အကြံရလာသည်။ အကျွန်ုပ်၏ သူငယ်ချင်းဖြစ်သူ ကိုစိုးထွဋ်မှ ဟိုးယခင်အခါတည်းကပင် ဖေ့စ်ဘုတ်ခ် စာမျက်နှာပေါ်သို့ တရားစာပေများကို ရိုက်တင်ပေးလေ့ရှိသည့်အတွက် ၎င်းထံမှ ဇော်ဂျီစာရိုက်စနစ်ဖြင့် ရိုက်ထားသည့် စာပေများကို တောင်းယူ၍ ယူနီကုဒ်သို့ ပြောင်းလဲရိုက်နှိပ်ကာ အများဖတ်ရှုလေ့လာနိုင်ရန် တင်သွားမည်ဖြစ်ပါသည်။ ထိုသို့ မျှဝေပေးခဲ့သော ကိုစိုးထွဋ်ကိုလည်း ဤနေရာမှပင် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားပါရစေ။ မိလိန္ဒပဉှာကျမ်း ကို အပိုင်းများခွဲ၍ နေ့စဉ်တင်ပေးသွားနိုင်ရန် ကြိုးစားပါ့မည်။ ဖတ်ရှုအားပေးသူအပေါင်းသည်လည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ အပ်ပါသည်။
****************************************************************************************
မိလိန္ဒပဉှာကျမ်း
အခန်း – ၁
ပုဗ္ဗယောဂ ကဏ္ဍ
ရဟန်းဘဝ၊ ရဟန်းအဖြစ် မဟုတ်ဘဲနှင့်လည်း တရားထူးကို ရရှိ ခံစားနိုင်ပေ၏။ ဓမ္မစက္ကသုတ်၊ အနတ္တလက္ခဏသုတ်၊ မဟာသမယသုတ် စသည်ကို မြတ်စွာဘုရား ဟောကြားတော်မူရာ၌ ရဟန်း မဟုတ်သော နတ်ဗြဟ္မာများစွာတို့ နာကြားရသဖြင့် တရားထူးကို ရရှိခံစားရသည် မဟုတ်လော။
ဗာဟိရကထာ
ပညာရှင်နှစ်ဦး၏ ရှေးကောင်းမှု
ဤမိလိန္ဒပဉှာကျမ်းကို မှတ်တမ်းတင်ခဲ့သော ကျွန်ုပ်သည် ဤသို့တစ်ဆင့်စကား ကြားနာရဖူးပါ၏။
ကဿပမြတ်စွာဘုရား၏ သာသနာတော်ဝယ်၊ ဂင်္ဂါမြစ်အနီးရှိ ကျောင်းတိုက်ကြီးတစ်ခု၌ ရဟန်း သံဃာ မြောက်မြားစွာတို့ သီတင်းသုံးကြ၏။ ထိုရဟန်းသံဃာတို့သည် ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံကြကုန်၏။ အကျင့်သီလ ဖြူစင်ကြကုန်၏။ နံနက်စောစော ကျိန်းစက်ရာမှ ထလာကြပြီးလျှင် ကဿပမြတ်စွာဘုရားရှင်၏ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို ဆင်ခြင် အောက်မေ့ကာ အရိုးရှည် တံမြက်စည်းတို့ဖြင့် ကျောင်းတလင်းပြင်၌ တံမြက်လှည်းကြကုန်၏။ အမှိုက်သရိုက်များကို စုပုံကြကုန်၏။ ထိုစဉ်တွင် ရဟန်းတစ်ပါးက “သာမဏေ၊ လာလော့၊ ဤအမှိုက်သရိုက်များကို စွန့်ပစ်ချေလော့” ဟု သာမဏေတစ်ပါးအား စေခိုင်း၏။ သာမဏေသည် မကြားဟန်ပြုကာ တစ်နေရာသို့ ထွက်ခွာသွား၏။ ရဟန်းသည် “ဤသာမဏေကား အပြောရ ခက်စွတကား” ဟု အမျက်ထွက်၍ တံမြက်စည်းရိုးနှင့် ရိုက်လိုက်၏။ ဤတွင်မှ သာမဏေသည် ရဟန်းကို ကြောက်ရွံ့သဖြင့် မျက်ရည်ရွှဲစို ငိုကြွေးလျက် အမှိုက်သရိုက်များကို လူသူလေးပါး ကင်းလွတ်ရာသို့ သွား၍ စွန့်ပစ်၏။ ထိုသို့စွန့်ပစ်ရာ၌ “ဤသို့ အမှိုက်သရိုက်များ စွန့်ပစ်ရသော ကုသိုလ်ကောင်းမှုကြောင့် ငါသည် နိဗ္ဗာန်မရသေးမီ ဖြစ်လေရာရာ ဘဝတိုင်း၌ မွန်းတည့်နေကဲ့သို့ ဘုန်တန်းခိုးကြီးသူ ဖြစ်ရပါလို၏”ဟု ဆုတောင်း၏။ ထို့နောက် ဂင်္ဂါမြစ်ဆိပ်သို့ ရေချိုးရန် သွားရောက်၍ တဝုန်းဝုန်း မြည်ဟည်း၍ စီးဆင်းနေကြသော ဂင်္ဂါမြစ်၏ လှိုင်းတံပိုးတို့ကို မြင်ရသောအခါ “ငါသည် ဖြစ်လေရာ ဘဝတိုင်း၌ ဤလှိုင်းတံပိုးတို့ကဲ့သို့ အရှိန်အဟုန် ကြီးမားလှသော၊ မကုန်နိုင် မခန်းနိုင်သော ဉာဏ်ပညာရှိသူ ဖြစ်ရပါလို၏” ဟု ထပ်မံ၍ ဆုတောင်း ပြန်လေသည်။
သာမဏေကို စေခိုင်းခဲ့သော ရဟန်းသည်လည်း တံမြက်စည်းကို နေရာတကျထားပြီးလျှင် ဂင်္ဂါမြစ်ဆိပ်သို့ ရေချိုးရန်သွားရောက်လေရာ သာမဏေ ဆုတောင်းနေသည်ကို ကြားသိရ၏။ ဤတွင် ရဟန်းသည် “ငါစေခိုင်းမှ လုပ်ကိုင်ရသော သာမဏေသည်ပင် ဤသို့ ဆုတောင်းသေး၏။ ဦးဆောင်ဦးရွက် ပြုခဲ့ရသော ငါသည်လည်း အဘယ်မှာ ဆုတောင်း၍ မပြည့်စုံဘဲ ရှိပါမည်နည်း”ဟု တွေးတောကာ “ငါသည် နိဗ္ဗာန်မရောက်သေးမီ ဖြစ်လေရာ ဘဝတိုင်း၌ ဂင်္ဂါမြစ်၏ လှိုင်းတံပိုးကဲ့သို့ မကုန်နိုင် မခန်းနိုင်သော ဉာဏ်ပညာရှိသူ ဖြစ်ရပါလို၏။ ဤသာမဏေ မေးတိုင်း မေးတိုင်းသော ပြဿနာ အားလုံးကို ဖြေရှင်းနိုင်စွမ်းရှိသူ ဖြစ်ရပါလို၏” ဟု ဆုတောင်းလေသည်။
ဘုရားရှင်၏ ဗျာဒိတ်တော်
ထိုသာမဏေနှင့် ရဟန်းတို့သည် ထိုဘဝမှ စုတေလတ်သော် လူ့ပြည်နတ်ရပ် ကောင်းမြတ်သော ဘုံဌာနတို့၌ လှည့်လည်စံပျော်ကာ ကျွန်ုပ်တို့ ဘုရားရှင်၏ လက်ထက်တော်သို့ ဆိုက်လာကြ၏။ ကျွန်ုပ်တို့ ဘုရားရှင်သည် တတိယသင်္ဂါယနာကို ဦးဆောင်ဦးရွက်ပြုလုပ်မည့် အရှင်မောဂ္ဂလိ ပုတ္တတိဿအား ဗျာဒိတ်တော် မိန့်ကြားတော်မူသကဲ့သို့ပင် ဤပညာရှင်နှစ်ဦးနှင့် ပတ်သက်၍လည်း ဗျာဒိတ်စကား မိန့်ကြားတော်မူပေသည်။ “ငါဘုရား ပရိနိဗ္ဗာန်စံဝင်ပြီးနောက် နှစ်ပေါင်း ငါးရာ ကျော်လွန်သောအခါ ထိုသူနှစ်ဦးတို့သည် လူ့ပြည်၌ ဖြစ်ပေါ်လာကြကုန်လတ္တံ့။ သိမ်မွေ့စွာ ဟောကြားထားသော ငါဘုရား၏ သုတ်၊ အဘိဓမ္မာ၊ ဝိနည်း တရားတော်တို့ကို အမေးအဖြေ ပြုလုပ်ကာ ဥပမာအမျိုးမျိုးပြ၍ ဝေဖန်ဆွေးနွေးကြကုန်လတ္တံ့” ဟု ဗျာဒိတ်စကား မြွက်ကြား တော်မူလေသည်။
ဆက်ရန် –