မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၁၃)

အခန်း – ၀၂၊ အပိုင်း – ၁၂ ကို ဤတွင်ဖတ်ရှုရန်…

မိလိန္ဒပဉှာကျမ်း – အဆက်

၄။ ရဟန္တာပုဂ္ဂိုလ်သည် အဘယ်ဝေဒနာကို ခံစားသနည်း

“အရှင်နာဂသေနဘုရား၊ ပဋိသန္ဓေမနေရတော့သော ရဟန္တာပုဂ္ဂိုလ်သည် ဝေဒနာတစ်စုံတစ်ခုကို ခံစားရပါသေးသလော”

“မင်းမြတ်၊ အချို့သော ဝေဒနာကို ခံစားရ၏။ အချို့သောဝေဒနာကို မခံစားရပေ”

“အရှင်ဘုရား၊ အဘယ်ဝေဒနာကို ခံစားရ၍ အဘယ်ဝေဒနာကို မခံစားရပါသနည်း”

“မင်းမြတ်၊ ကိုယ်၌ဖြစ်သော ဒုက္ခဝေဒနာကို ခံစားရ၏။ စိတ်၌ဖြစ်သော ဒုက္ခဝေဒနာကို မခံစားရပေ”

“အရှင်ဘုရား၊ ကိုယ်၌ဖြစ်သော ဒုက္ခဝေဒနာကို အဘယ်သို့ ခံစားရ၍ စိတ်၌ဖြစ်သော ဒုက္ခဝေဒနာကို အဘယ်သို့ မခံစားရပါသနည်း”

“မင်းမြတ်၊ ကိုယ်၌ ဒုက္ခဝေဒနာဖြစ်ပေါ်ခြင်း၏ အကြောင်းဖြစ်သော ခန္ဓာငါးပါးနှင့် မကင်းသေးသောကြောင့် ရဟန္တာပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာကို ခံစားရ၏။ စိတ်၌ဖြစ်သော ဒုက္ခဝေဒနာဖြစ်ပေါ်ခြင်း၏ အကြောင်းဖြစ်သော မကောင်းသော ကိလေသာတရားတို့ကို ပယ်ပြီးပြီဖြစ်၍ ရဟန္တာပုဂ္ဂိုလ်သည် စိတ်၌ဖြစ်သော ဒုက္ခဝေဒနာကို မခံစားရပေ”

“အရှင်ဘုရား၊ ရဟန္တာပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာကို ခံစားနေရပါလျက် အဘယ့်ကြောင့် ပရိနိဗ္ဗာန် မစံပါသနည်း”

“မင်းမြတ်၊ ရဟန္တာပုဂ္ဂိုလ်တို့၌ ချစ်ခြင်း၊ မုန်းခြင်းတို့ မရှိတော့ပေ။ ရဟန္တာပုဂ္ဂိုလ်တို့သည် ပညာဖြင့် ဆင်ခြင်ကုန်၍ သေချိန်မကျသေးသော ကိုယ်ခန္ဓာကို သေအောင် မပြုလုပ်ကြချေ။ သေရမည့် အချိန်ကိုသာ စောင့်ဆိုင်း၍ နေကြကုန်၏”

“မင်းမြတ်၊ တရားစစ်သူကြီးဖြစ်ပေသော အရှင်သာရိပုတ္တရာသည် ‘သေဆုံးခြင်းကို ငါမတောင့်တ။ အသက်မသေတည်နေရခြင်းကိုလည်း ငါမတောင့်တ။ စင်စစ်သော်ကား အခစားအလုပ်သမားသည် လုပ်ခရမည့်အချိန်ကို စောင့်မျှော်၍နေဘိသကဲ့သို့ သေဆုံးရမည့်အချိန်ကို စောင့်မျှော်၍ နေပါ၏’

‘သေဆုံးခြင်းကို ငါမတောင့်တ။ အသက်မသေ တည်နေရခြင်းကိုလည်း ငါမတောင့်တ။ စင်စစ်သော်ကား ဉာဏ်ပညာဖြင့် ကောင်းစွာယှဉ်စပ်၍ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သေဆုံးရမည့် အချိန်ကိုသာ ငါစောင့်မျှော်၍ နေပါ၏’ ဟု မိန့်ကြားတော်မူခဲ့ပေ၏။”

“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”

 

ဆက်ရန် –

Leave a Reply

Your email address will not be published. Required fields are marked *

Show
Hide