အခန်း – ၀၂၊ အပိုင်း – ၀၆ ကို ဤတွင်ဖတ်ရှုရန်…
မိလိန္ဒပဉှာကျမ်း – အဆက်
၁၀။ သဒ္ဓါသည် အဘယ်လက္ခဏာ ရှိသနည်း
“အရှင်နာဂသေနဘုရား၊ သဒ္ဓါသည် အဘယ်လက္ခဏာ ရှိပါသနည်း”
“မင်းမြတ်၊ သဒ္ဓါသည် ကြည်လင်စေခြင်း လက္ခဏာရှိ၏။ ကုသိုလ်အဖို့သို့ ပြေးဝင်ခြင်း လက္ခဏာ လည်းရှိ၏”
“အရှင်ဘုရား၊ သဒ္ဓါသည် အဘယ်ကဲ့သို့ ကြည်လင်စေခြင်း လက္ခဏာ ရှိပါသနည်း”
“မင်းမြတ်၊ သဒ္ဓါတရားဖြစ်ပေါ်လာလတ်သော် နီဝရဏတို့ ကင်းကွာကုန်၏။ နီဝရဏ ကင်းကွာသည် ဖြစ်၍ စိတ်သည် ကြည်လင်သန့်ရှင်း၏။ ဤသို့လျှင် သဒ္ဒါသည် ကြည်လင်စေခြင်း လက္ခဏာ ရှိ၏”
“အရှင်ဘုရား၊ ဥပမာ ပြတော်မူပါဦး”
“မင်းမြတ်၊ စကြဝတေးမင်းကြီးသည် စစ်အင်္ဂါလေးပါးနှင့်တကွ ချောင်းငယ်ကို ဖြတ်ကူးပြီးနောက် ‘အချင်းတို့၊ သောက်ရေကို ဆောင်ယူခဲ့ကြလော့။ ရေသောက်လို၏’ ဟု မိန့်ဆိုရာ၏။ ထိုအခါ ချောင်းငယ်အတွင်းရှိ အနည်းငယ်မျှသောရေသည် စစ်သည်ဗိုလ်ပါတို့ ဖြတ်ကူးထားသဖြင့် ရွှံ့နှစ်သဖွယ် နောက်ကျူ(နောက်ကျိ)နေရာ၏။ မင်းချင်းတို့သည် အခြားရေကို ရှာဖွေ၍ မရကြသဖြင့် ရွှံ့နှစ်သဖွယ် နောက်ကျူ(နောက်ကျိ)နေသော ထိုရေကိုပင် ခပ်ယူလာကြကာ စကြဝတေးမင်း၏ရေကို ကြည်လင်စေတတ်သော ပတ္တမြားရတနာကို ရေထဲသို့ ထည့်ကုန်၏။ ထိုအခါရေသည် မှော်ကြီး၊ မှော်သေးတို့ ကင်းစင်လာကာ နောက်ကျု(နောက်ကျိ)ခြင်းများ ပျောက်ကွယ်သွား၏။ ထိုအခါကျမှ မင်းချင်းတို့ သည် စကြဝတေး မင်းကြီးအား သောက်တော်ရေ ဆက်ကပ် ကြကုန်ရာ၏။
မင်းမြတ်၊ စိတ်ကို ရေကဲ့သို့ မှတ်ယူအပ်၏။ ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်ကို မင်းချင်းကဲ့သို့ မှတ်ယူအပ်၏။ ကိလေသာတို့ကို မှော်ကြီး၊ မှော်သေးတို့ကဲ့သို့ မှတ်ယူအပ်၏။ သဒ္ဓါတရားကို ပတ္တမြားရတနာကဲ့သို့ မှတ်ယူအပ်၏။ ပတ္တမြားရတနာကို ရေထဲမှာ ထည့်ကာမျှဖြင့်ပင် မှော်ကြီး၊ မှော်သေးတို့ ကင်းစင်လာကာ နောက်ကျူ(နောက်ကျိ)ခြင်းများ ပျောက်ကွယ်သွားဘိကြသကဲ့သို့ သဒ္ဓါတရား ဖြစ်ပေါ်လာလတ်သော် နီဝရဏတို့ ကင်းကွာကုန်၏။ နီဝရဏတို့ ကင်းကွာသည်ဖြစ်၍ စိတ်သည် ကြည်လင်သန့်ရှင်း၏။ ဤသို့လျှင် သဒ္ဓါသည် ကြည်လင်စေခြင်းလက္ခဏာ ရှိပေ၏”
“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”
၁၁။ သဒ္ဓါ၏ လက္ခဏာ (ခ)
“အရှင်နာဂသေနဘုရား၊ အဘယ်သို့လျှင် သဒ္ဓါသည် ကုသိုလ်အဖို့ ပြေးဝင်ခြင်းလက္ခဏာ ရှိပါသနည်း”
“မင်းမြတ်၊ ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သူတစ်ပါးတို့၏ ကိလေသာမှ လွတ်မြောက်ပုံ ကို ရှုမြင်၍ သဒ္ဓါတရားဖြင့် အားကျကာ ဆတက်ထမ်းပိုးတိုး၍ စီးဖြန်းသဖြင့် သောတာပတ္တဖိုလ်၌ လည်းကောင်း၊ သကဒါဂါမိဖိုလ်၌ လည်းကောင်း၊ အနာဂါမိဖိုလ်၌ လည်းကောင်း၊ အရဟတ္တဖိုလ်၌ လည်းကောင်း ပြေးဝင်၏။ မရသေးသော မဂ်ဖိုလ်ကို ရခြင်းငှာ အားထုတ်၏။ ဤသို့လျှင် သဒ္ဓါသည် ကုသိုလ်အဖို့သို့ ပြေးဝင်ခြင်း လက္ခဏာ ရှိပေ၏”
“အရှင်ဘုရား၊ ဥပမာ ပြုတော်မူပါဦး”
“မင်းမြတ်၊ တောင်ကျရေများဖြင့် ပြည့်လျှံနေသောမြစ်ထဲသို့ အစွမ်းသတ္တိနှင့် ပြည့်စုံသော ယောက်ျားတစ်ယောက်သည် ခါးတောင်းကို မြဲမြံစွာကျိုက်ကာ မြစ်ရေထဲသို့ ရဲဝံ့စွာဆင်းသက်၍ ကူးခတ်သွား၏။ ထိုအခါ စောစောကမကူးဝံ့၍ ကမ်းပေါ်မှာ ရပ်နေကြသောသူတို့သည်လည်း ထိုယောက်ျားကိုအားကျကာ ရေထဲသို့ ကူးခတ်ကြကုန်၏။
မင်းမြတ်၊ ဤအတူသာပင် ကမ္မဋ္ဌာန်းစီးဖြန်းသောယောဂီပုဂ္ဂိုလ်သည် သူတစ်ပါးတို့၏ ကိလေသာမှ လွတ်မြောက်ပုံကိုရှုမြင်၍ သဒ္ဓါတရားဖြင့် အားကျကာ ဖိုလ်လေးပါးတို့၌ ပြေးဝင်၏။ မရသေးသော မဂ်ဖိုလ်ကို ရခြင်းငှာ အားထုတ်၏။ ဤသို့လျှင် သဒ္ဓါသည် ကုသိုလ်အဖို့သို့ ပြေးဝင်ခြင်းလက္ခဏာ ရှိပေ၏”
“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”
ဆက်ရန်-