အခန်း – ၀၁၊ အပိုင်း – ၀၂ ကို ဤတွင်ဖတ်ရှုရန်…
မိလိန္ဒပဉှာကျမ်း – အဆက်
မိလိန္ဒမင်း၏ ညည်းတွားသံ
ထိုအခါ မိလိန္ဒမင်းသည် “ဇမ္ဗူဒိပ်ကျွန်းသည် အချည်းနှီး ဖြစ်လေစွတကား။ ဇမ္ဗူဒိပ် ကျွန်းသည် အဖျင်းအတိသာ ဖြစ်လေစွတကား။ သိလိုရာကို မေးမြန်းရန်၊ ယုံမှားသင်္ကာကို ပယ်ဖျောက်ရန် သမဏ၊ ဗြဟ္မဏ တစ်စုံတစ်ယောက်မျှ မရှိချေတကား” ဟု စဉ်းစားမိ၏။
ထို့နောက် အမတ်တို့ထံ မျက်နှာမူကာ “အချင်းတို့၊ ညဉ့်သည် ညစ်ညူးခြင်းတို့ ကင်းစင်၍ မွေ့လျော်ဖွယ် ရှိပေစွ၊ ယခုအခါ၌ ငါသည် အဘယ်မည်သော သမဏ၊ ဗြဟ္မဏထံ ချဉ်းကပ်ကာ သိလိုရာရာကို မေးမြန်းရပါမည်နည်း။ အဘယ် သမဏ၊ ဗြဟ္မဏသည် ငါနှင့်အတူ စကား ဖက်ပြိုင်၍ ပြောဆိုနိုင်ပါ လိမ့်မည်နည်း။ အဘယ် သမဏ၊ ဗြဟ္မဏသည် ယုံမှားသင်္ကာကို ပယ်ဖျောက်၍ ပေးပါလိမ့်မည်နည်း” ဟု ညည်းတွား၏။ ထိုအခါ အမတ်တို့သည် လျှောက်တင်စရာ ရှာမတွေ့သဖြင့် မိလိန္ဒမင်း၏ မျက်နှာကိုသာ မော်၍ ကြည့်နေကြရလေတော့သည်။
ထိုအချိန်မှစ၍ သာဂလမြို့တော်သည် ပညာရှိသော သမဏ၊ ဗြဟ္မဏများနှင့် ကုန်သည်များ ကင်းဆိတ်သွား၏။ တစ်နေရာရာ၌ ပညာရှိတစ်ဦးဦး ရှိနေသည်ဟု သတင်းကြားလျှင် မိလိန္ဒမင်းသည် ထိုပညာရှိထံ ချဉ်းကပ်၍ သိလိုရာရာကို မေးမြန်း၏။ ပညာရှိပုဂ္ဂိုလ်တို့ကား မိလိန္ဒမင်း ကျေနပ်သွားလောက်အောင် မဖြေကြားနိုင်သဖြင့် အရပ်တစ်ပါးသို့ ပြောင်းသွားကြရ ကုန်၏။ မပြောင်းနိုင်၊ မရွှေ့နိုင်သော ပညာရှိတို့သည်လည်း တိတ်တဆိတ် နှုတ်ပိတ်၍သာ နေကြ ရ၏။ ရဟန်းတို့သည်ကား များသောအားဖြင့် ဟိမဝန္တာတောသို့ ကြွသွားကြရ၏။
မဟာသန နတ်သား
ထိုသို့ သာဂလမြို့တော်၌ ပညာရှိများ ဆိတ်သုဉ်းသွားသောအခါ ရဟန္တာပုဂ္ဂိုလ်တို့သည် ဟိမဝန္တာတောင်၊ ရက္ခိတကုန်းပြင်၌ သီတင်သုံးကြရကုန်၏။ ထိုအခါ အရှင်အဿဂုတ္တသည် မိလိန္ဒမင်း၏ အထက်ပါ ညည်းတွားသံကို ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြားသိရသဖြင့် ယုဂန္ဓိုရ်တောင်ထိပ်၌ ရဟန်းတို့ကို အစည်းအဝေး ခေါ်လိုက်၏။ ရဟန်းသံဃာများ အစုံအညီ စည်းဝေးမိသောအခါ အရှင်အဿဂုတ္တက “ငါ့ရှင်တို့၊ မိလိန္ဒမင်းနှင့် ယှဉ်ပြိုင်ပြောဆိုနိုင်သော၊ မိလိန္ဒမင်း၏ ယုံမှားသင်္ကာကို ပယ်ဖျောက်ပေးနိုင်သော ရဟန်းတစ်ပါးပါး ရှိပါ၏လော” ဟု မေးမြန်း၏။ ထိုအခါ ရဟန္တာပုဂ္ဂိုလ်များစွာတို့သည် နှုတ်ဆိတ်၍သာ နေကြကုန်၏။ နှစ်ကြိမ်မှ သုံးကြိမ်ထိ ဆက်၍ မေးသော်လည်း ဆိတ်ဆိတ်သာလျှင် နေကြကုန်၏။ ထိုအခါ အရှင်အဿဂုတ္တက “ငါ့ရှင်တို့၊ တာဝတိံသာ နတ်ပြည်ရှိ၊ သိကြားမင်းစိုးစံရာ ဝေဇယန္တာ ဘုံဗိမာန်၏ အရှေ့ဘက်၌ ကေတုမတီမည်သော ဗိမာန်တစ်ခုရှိ၏။ ထိုဗိမာန်၌ မဟာသေနမည် သော နတ်သားစိုးစံ နေထိုင်၏။ ထိုမဟာသေန နတ်သားသည် မိလိန္ဒမင်းနှင့် ယှဉ်ပြိုင်၍ စကား ပြောဆိုနိုင်ရာ၏။ မိလိန္ဒမင်း၏ ယုံမှားသင်္ကာကို ပယ်ဖျောက်ပေးနိုင်ရာ၏” ဟု မိန့်ကြား၏။
ထို့နောက် ရဟန္တာများစွာတို့သည် ယုဂန္ဓိုရ်တောင်ထိပ်မှ တာဝတိံသာ နတ်ပြည်သို့ ကြွလာကြကုန်၏။ သိကြားမင်းသည် ကြွလာသော ရဟန်းတို့ကို အဝေးမှပင် လှမ်း၍မြင်ကာ အရှင် အဿဂုတ္တထံ ချဉ်းကပ်ကာ ရိုသေစွာရှိခိုး၍ သင့်လျော်ရာအရပ်၌ ရပ်နေပြီးလျှင် “အရှင်ဘုရား ရဟန်း သံဃာ မြောက်မြားစွာတို့ ကြွတော်မူလာကြပါကုန်၏။ တပည့်တော်သည် သံဃာတော်တို့၏ အရံစောင့်ဖြစ်ပါ၏။ အဘယ်သို့သော ဝတ္ထုပစ္စည်းကို အလိုရှိတော်မူ ကြပါသနည်း။ တပည့်တော် သည် အဘယ်အမှုကို ပြုလုပ်၍ ပေးရပါမည်နည်း” ဟု လျှောက်ထား၏။
ထိုအခါ အရှင်အဿဂုတ္တက “မင်းမြတ်၊ ဇမ္ဗူဒိပ်ကျွန်း၊ သာဂလမြို့တော်၌ စိုးစံနေထိုင်သော မိလိန္ဒမင်းသည် ရဟန်းသံဃာကို အမေးပုစ္ဆာများ မေးမြန်း၍ နှိပ်စက်ညှဉ်းဆဲနေပါ၏” ဟု မိန့်ဆို၏။
ထိုအခါ သိကြားမင်းက “အရှင်ဘုရား၊ ထိုမိလိန္ဒမင်းသည် ဤတာဝတိံသာ နတ်ပြည်မှ စုတေ၍ လူ့ပြည်သို့ လားရောက်သူ ဖြစ်ပါ၏။ ကေတုမတီမည်သော ဘုံဗိမာန်၌ နေထိုင်သော မဟာသေန နတ်သားသည်ကား ထိုမိလိန္ဒမင်းနှင့် ယှဉ်ပြိုင်၍ စကားပြောဆိုနိုင်ပါလိမ့်မည်။ မိလိန္ဒမင်း၏ ယုံမှားသင်္ကာကို ပယ်ဖျောက်၍ ပေးနိုင်ပါလိမ့်မည်။ ထိုနတ်သားကို လူ့ပြည်သို့ လားရောက်ရန် တောင်းပန်ကြပါစို့” ဟု လျှောက်ထား၏။
ထို့နောက် သိကြားမင်းသည် ရဟန်းသံဃာကို ရှေ့ဆောင်၍ ကေတုမတီ ဘုံဗိမာန်သို့ ဝင်ရောက်ပြီးလျှင် မဟာသေန နတ်သားကို လည်ပင်းဖက်၍ “ချစ်သော မဟာသေန၊ သင့်ကို ရဟန်းသံဃာက လူ့ပြည်သို့ လားရောက်ရန် တိုက်တွန်းပါ၏” ဟု ပြောဆို၏။ “အရှင်သိကြားမင်း၊ ကျွန်ုပ်သည် လူမှုကိစ္စ မြားမြောင်လှသော လူ့ပြည်သို့ လားရောက်ရန် အလိုမရှိပါ။ လူ့ပြည် လောကသည် လောဘစသော ကိလေသာတို့ ထက်သန် ထူပြောလှပါပေ၏။ ဤနတ်ပြည်၌ပင် ဘုံစဉ်စံကာ ပရိနိဗ္ဗာန် စံဝင်လိုပါ၏” ဟု ပြောဆို၏။ သိကြားမင်းက နှစ်ကြိမ်မှ သုံးကြိမ်ထိ တိုက်တွန်း ပြောဆိုပါသော်လည်း ငြင်းမြဲသာ ငြင်းဆိုနေ၏။
ထိုသို့ သုံးကြိမ်တိုင်တိုင် ငြင်းပယ်သောအခါ အရှင်အဿဂုတ္တက “သူတော်ကောင်းနတ်သား၊ လူ့ပြည် နတ်ပြည် နှစ်ပြည်လုံး၌ လိုက်လံ ကြည့်ရှုသောအခါ မိလိန္ဒမင်း၏ အယူဝါဒကို နှိပ်စက် ဖျက်ဆီး၍ ဘုရားရှင် သာသနာတော်ကို ချီးမြှောက်နိုင်သော သူဟူ၍ သင်နတ်သားမှတစ်ပါး အခြားသူကို ရှာ၍မရပါ။ သူတော်ကောင်းနတ်သား၊ ရဟန်းသံဃာသည် သင်နတ်သားကို တိုက်တွန်းပါ၏။ တောင်းပန်ပါ၏။ လူ့ပြည်သို့ လားရောက်၍ ဘုရားရှင့်သာသနာတော်ကို ချီးမြှောက်ပါလော့” ဟု တိုက်တွန်းပြောဆို၏။ ဤတွင် မဟာသေန နတ်သားသည် ‘ငါကား မိလိန္ဒမင်း၏ အယူကို ဖျက်ဆီး၍ သာသနာတော်ကို ချီးမြှောက်နိုင်သူ ဖြစ်ပေစွတကား’ ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ အရှင်အဿဂုတ္တ၏ တိုက်တွန်းချက်ကို လက်ခံလိုက်လေသည်။
ဆက်ရန်-