မိလိန္ဒပဉှာကျမ်း (အခန်း – ၀၂၊ အပိုင်း – ၁၄)

အခန်း – ၀၂၊ အပိုင်း – ၁၃ ကို ဤတွင်ဖတ်ရှုရန်…

မိလိန္ဒပဉှာကျမ်း – အဆက်

၅။ သုခဝေဒနာသည် ဆင်းရဲသေးသလော

“အရှင်နာဂသေနဘုရား၊ သုခဝေဒနာသည် ကုသိုလ်လော၊ အကုသိုလ်လော၊ အဗျာကတပင် ဖြစ်ပါသလော”

“မင်းမြတ်၊ အချို့သော သုခဝေဒနာသည် ကုသိုလ်ဖြစ်၏။ အချို့သော သုခဝေဒနာသည် အကုသိုလ် ဖြစ်၏။ အချို့သော သုခဝေဒနာသည် အဗျာကတဖြစ်၏”

“အရှင်ဘုရား၊ သုခဝေဒနာသည် ကုသိုလ်ဖြစ်ခဲ့ပါလျှင် ဒုက္ခ မဖြစ်ပေရာ။ ဒုက္ခဖြစ်နေပြန်လျှင်လည်း ကုသိုလ် မဖြစ်ပေရာ။ ကုသိုလ်မည်သည် ဒုက္ခဟူ၍ မဖြစ်သင့်ပါ”

“မင်းမြတ်၊ ယောက်ျားတစ်ယောက်၏ လက်ထဲ၌ လောလောပူသော သံတွေခဲကို ကိုင်ထားရာ၏။ အခြားလက်တစ်ဖက်၌ ဆီးနှင်ခဲကို ကိုင်ထားရာ၏။ မင်းမြတ် အသို့ပါနည်း။ ထိုအပူအအေး နှစ်မျိုးလုံးတို့သည် လောင်မြိုက်ကြပါမည်လော”

“အရှင်ဘုရား၊ မှန်လှပါ၏။ နှစ်မျိုးလုံးပင် လောင်မြိုက်ကြပါလိမ့်မည်”

“ထိုနှစ်မျိုးလုံးသည် အပူချည်းလော”

“အပူချည်း မဟုတ်ပါ”

“ထိုနှစ်မျိုးလုံးသည် အအေးချည်းလော”

“အအေးချည်းလည်း မဟုတ်ပါ”

“မင်းမြတ်၊ လောလောဆယ် ပူသောသံတွေခဲက လောင်သည်ဖြစ်အံ့။ နှစ်မျိုးလုံးသည် အပူချည်း မဟုတ်သောကြောင့် အပူက လောင်သည်ဟူသော စကားသည်မမှန်ပေရာ။ အကယ်၍ အအေးက လောင်သည်ဖြစ်အံ့။ နှစ်မျိုးလုံးသည် အအေးချည်း မဟုတ်သောကြောင့် အအေးက လောင်သည်ဟူသော စကားသည် မမှန်ပေရာ”

“အရှင်ဘုရား၊ စကားကတ်၍ ပြောဆိုတတ်သော အရှင်ဘုရားနှင့် တပည့်တော် ယှဉ်ပြိုင်၍ မပြောနိုင်တော့ပါ။ ဆိုလိုသော အနက်အဓိပ္ပာယ်ကိုသာ မိန့်ကြားတော်မူပါ”

“မင်းမြတ်၊ ဝေဒနာတို့သည် အမျိုးမျိုးအစားစား များပြားလှစွာကုန်၏။ ပင်ရင်းမူလအားဖြင့် သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာဟူ၍ ဝေဒနာသုံးမျိုး ရှိကုန်၏။ ထိုဝေဒနာသုံးမျိုးကို ကာမဂုဏ် ခံစားမှုနှင့်သက်ဆိုင်သော ဂေဟဿိတ၊ ကာမဂုဏ်မှထွက်မြောက်ကြောင်းစျာန်မဂ်ဖိုလ်နှင့် သက်ဆိုင်သော နေက္ခမ္မဿိတ အားဖြင့် မြှောက်ပွားလိုက်သော် ဝေဒနာခြောက်မျိုး ဖြစ်ကုန်၏။  ထိုဝေဒနာ ခြောက်မျိုးတို့ကို ရူပါရုံစသော အာရုံခြောက်ပါးနှင့် မြှောက်ပွားလိုက်သော် ဝေဒနာ သုံးဆယ့်ခြောက်မျိုး ရှိကုန်၏။ ထိုဝေဒနာ သုံးဆယ့်ခြောက်မျိုးတို့ကို အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလသုံးတန်နှင့် မြှောက်ပွားပြန်သော် ဝေဒနာ တစ်ရာရှစ်မျိုးတို့ ဖြစ်လာကြပေ၏”

“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”

(သုခဝေဒနာဟူသော ခံစားမှုသဘော သက်သက်ကိုသာ ရှု၍ မိလိန္ဒမင်းက ဒုက္ခမဖြစ်နိုင်ကြောင်း အဆိုပြု၏။ အရှင်နာဂသေနက ကုသိုလ်ပင် ဖြစ်သော်လည်း ဖြစ်ခြင်း၊ ပျက်ခြင်းနှင့် မကင်းနိုင်၍ ဒုက္ခသာဖြစ်ကြောင်း သစ္စာနည်းအားဖြင့် ဖြေဆို၏။ ကုသိုလ်ပင် ဖြစ်သော်လည်း ဖြစ်ခြင်း ပျက်ခြင်း မကင်းသဖြင့် ဒုက္ခဖြစ်ပုံကို အေးစက်သော ဆီးနှင်းခဲ၏ လောင်ကျွမ်းပုံနှင့် ဥပမာ ပြုထား၏။ ထို့နောက် တစ်နေရာတစ်ဌာနမှာ ဟောကြားထားသော ဝေဒနာတစ်မျိုးမျိုးကိုသာ တရားသေ စွဲမှတ်မထားစေရန် အရာဌာန အားလျော်စွာ အမျိုးမျိုးအဖုံဖုံ ဟောကြားထားသော ဝေဒနာများကို ထုတ်ဖော်မိန့်ကြားပေ၏။)

 

ဆက်ရန် –

Leave a Reply

Your email address will not be published. Required fields are marked *

Show
Hide