အခန်း – ၀၂၊ အပိုင်း – ၁၁ ကို ဤတွင်ဖတ်ရှုရန်…
မိလိန္ဒပဉှာကျမ်း – အဆက်
၂။ ပဋိသန္ဓေ မနေရတော့ကြောင်း ကိုယ်တိုင်သိနိုင်သလော
“အရှင် နာဂသေန ဘုရား၊ ပဋိသန္ဓေ မနေရတော့သော ပုဂ္ဂိုလ်သည် ငါပဋိသန္ဓေနေရတော့မည် မဟုတ်ဟု သိနိုင်ပါသလား”
“မင်းမြတ်၊ သိနိုင်ပါ၏”
“အရှင်ဘုရား၊ အဘယ်သို့ သိနိုင်ပါသနည်း”
“မင်းမြတ်၊ ပဋိသန္ဓေနေရခြင်း၏ အကြောင်းဖြစ်သော အဝိဇ္ဇာနှင့်တဏှာ ကင်းခြင်းကြောင့် ထိုသူသည် ငါပဋိသန္ဓေနေရတော့မည် မဟုတ်ဟု သိနိုင်ပေ၏”
“အရှင်ဘုရား၊ ဥပမာ ပြုတော်မူပါဦး”
“မင်းမြတ်၊ လယ်သမားသည် လယ်ကိုထွန်ယက်စိုက်ပျိုးပါမှ စပါးကျီ ပြည့်အောင် စပါးများ ရပေ၏။ ထိုလယ်သမားသည် ထွန်ယက်စိုက်ပျိုးမှုမပြုဘဲ နေရာ၏။ ကျီမှာ ထည့်ထားသောစပါးတို့ကိုလည်း စားသောက်၊ ပေးကမ်း၊ သုံးစွဲ၍ ကုန်လေရာ၏။ ထိုအခါ ထိုလယ်သမားသည် ငါ့ကျီ၌ စပါးပြည့်တော့မည် မဟုတ်ဟု မသိနိုင်ပါသလော”
“အရှင်ဘုရား၊ သိနိုင်ပါ၏”
“မင်းမြတ်၊ ဤအတူသာပင်၊ ပဋိသန္ဓေနေရခြင်း၏ အကြောင်းဖြစ်သော အဝိဇ္ဇာနှင့်တဏှာ ကင်းပြတ်ခြင်းကြောင့် ထိုသူသည် ငါပဋိသန္ဓေ နေရတော့မည် မဟုတ်ဟု သိနိုင်ပေ၏”
“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”
(ပဋိသန္ဓေ နေရန်မရှိသော ပုဂ္ဂိုလ်ကား ရဟန္တာပုဂ္ဂိုလ်ဖြစ်၏။)
၃။ ဉာဏ်ရှိသူသည် တွေဝေသေးသလော
“အရှင်နာဂသေနဘုရား၊ ဉာဏ်သည်ပင် ပညာဖြစ်ပါသလော”
“မင်းမြတ်၊ ဉာဏ်သည်ပင် ပညာဖြစ်ပေ၏”
“အရှင်ဘုရား၊ ထိုဉာဏ်ပညာဖြစ်ပေါ်သောသူသည် တွေဝေပါသေးသလော။ မတွေဝေတော့ပြီလော”
“မင်းမြတ်၊ အချို့သောအရာ၌ တွေဝေရာ၏။ အချို့သောအရာ မတွေဝေပါ”
“အရှင်ဘုရား၊ အဘယ်အရာ၌ တွေဝေပါသနည်း”
“မင်းမြတ်၊ မတတ်ကျွမ်းသေးသော အတတ်ပညာ၌ သော်လည်းကောင်း၊ မရောက်ဖူးသေးသော အရပ်ဒေသ၌သော် လည်းကောင်း၊ မကြားဖူးသေးသော အမည်ပညတ်၌သော် လည်းကောင်း တွေဝေရာ၏”
“အရှင်ဘုရား၊ အဘယ်အရာ၌ မတွေဝေပါသနည်း”
“မင်းမြတ်၊ ထိုပညာဖြင့် ပြုလုပ်အပ်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော ဘာဝနာလုပ်ငန်း၌ကား မတွေဝေပါ”
“အရှင်ဘုရား၊ ထိုဘာဝနာလုပ်ငန်းပြုလုပ်သော ပညာရှိအား မောဟဟူသောတွေဝေခြင်းသည် အဘယ်သို့ ရောက်သွားပါသနည်း”
“ဉာဏ်ဖြစ်ပေါ်လာကာကမျှဖြင့်ပင် မောဟသည် ချုပ်ပျောက်ကွယ်သွားပေ၏”
“အရှင်ဘုရား၊ ဥပမာ ပြုတော်မူပါဦး”
“မင်းမြတ်၊ ယောက်ျားတစ်ယောက်သည် မိုက်မှောင်နေသော အိမ်ခန်းထဲ၌ ဆီမီးထွန်းလိုက်ရာ၏။ ဆီမီးထွန်းညှိခြင်းကြောင့် အမိုက်မှောင် ချုပ်ပျောက်ကာ အလင်းရောင်တောက်ပလာရာ၏။ ဤအတူသာပင် ဉာဏ်ဖြစ်ပေါ်လာကာမျှ၌ပင် မောဟသည် ချုပ်ပျောက်သွားပေ၏”
“မောဟကို ချုပ်ပျောက်စေသော ပညာသည်ကား အဘယ်သို့ ရောက်သွားပါသနည်း”
“ပညာသည်လည်း မိမိ၏ပြုဖွယ်ကိစ္စဖြစ်သော သိခြင်းကိစ္စကို ပြုပြီးလျှင် ပြုပြီးကာမျှ ထိုခဏမှာပင် ချုပ်ပျောက်သွားပေ၏။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော ဘာဝနာလုပ်ငန်းကား ချုပ်ပျောက်မသွားပေ”
“အရှင်ဘုရား၊ ဤစကားကို သိသာထင်ရှားစေရန် ဥပမာပြုတော်မူပါဦး”
“မင်းမြတ်၊ ယောက်ျားတစ်ယောက်သည် ညဉ့်အခါတွင် မီးထွန်း၍ စာရေးတစ်ယောက်အား သဝဏ်စာကို ရေးသားစေ၏။ သဝဏ်စာ ရေးသား၍ပြီးသွားသောအခါ မီးကို ငြိမ်းစေ၏။ မီးငြိမ်း၍ သွားသော်လည်း ရေသားထားသော သဝဏ်စာကား ပျောက်ကွယ်၍ မသွားပေ။ ဤအတူသာပင် ပညာသည် မိမိ၏ ပြုဖွယ်ကိစ္စဖြစ်သော သိခြင်းကိစ္စကိုပြုပြီးလျှင် ပြုပြီးကာမျှ ထိုခဏမှာပင် ချုပ်ပျောက်ကွယ်သွားပေ၏။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော ဘာဝနာလုပ်ငန်းကား ချုပ်ပျောက် မသွားပေ”
“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”
(ကျမ်းရင်း၌ ရေအိုးငါးလုံးတို့ဖြင့် မီးကိုငြိမ်းပြီးနောက် ရေအိုးကို တစ်ဖန် ပြန်၍ အသုံးပြုရန် မလိုတော့ပုံ၊ ဆေးမြစ်ငါးမျိုးတို့ဖြင့် အနာရောဂါကို ကုသပြီးနောက် ဆေးမြစ်ငါးမျိုးတို့ကို တစ်ဖန်ပြန်၍ အသုံးပြုရန် မလိုတော့ပုံ၊ မြားငါးစင်းတို့ဖြင့် တစ်ဖက်စစ်သည်တို့ကို ပစ်ခွင်း သတ်ဖြတ်ပြီးနောက် မြားငါးစင်းတို့ကို တစ်ဖန်ပြန်၍ အသုံးပြုရန် မလိုတော့ပုံတို့ကိုလည်း ဥပမာ ပြုပါသေး၏။ ရေအိုးငါးလုံး၊ ဆေးမြစ်ငါးမျိုး နှင့် မြားငါးစင်းတို့၏ ဥပမေယျကား သဒ္ဓါစသော ဣန္ဒြေ ငါးမျိုးတည်း။)
ဆက်ရန် –