အခန်း – ၀၂၊ အပိုင်း – ၀၇ ကို ဤတွင်ဖတ်ရှုရန်…
မိလိန္ဒပဉှာကျမ်း – အဆက်
၁၂။ ဝီရိယသည် အဘယ်လက္ခဏာ ရှိသနည်း
“အရှင်နာဂသေနဘုရား၊ ဝီရိယသည် အဘယ်လက္ခဏာ ရှိပါသနည်း”
“မင်းမြတ်၊ ဝီရိယသည် ထောက်ပံ့ခိုင်မာစေခြင်း၊ လက္ခဏာရှိ၏။ ကုသိုလ်တရားတို့သည် ဝီရိယ၏ ထောက်ပံ့ခြင်းကို ရရှိကုန်၍ မဆုတ်ယုတ်ကြခြင်း ဖြစ်ပေ၏”
“အရှင်ဘုရား၊ ဥပမာ ပြုတော်မူပါဦး”
“မင်းမြတ်၊ အိမ်တစ်ဆောင်ပြိုကျမည် ပြုသောအခါ အိမ်ရှင်ယောက်ျားသည် အခြားသစ်သား တစ်ခုဖြင့် ထောက်ပံ့ထားရာ၏။ သစ်သားဖြင့်ထောက်ပံ့ထားသဖြင့် ထိုအိမ်သည် မပြိုတော့ဘဲ တည်မြဲခိုင်ခံ့နေရာ၏။ ဤအတူသာပင်။ ဝီရိယသည် ထောက်ပံ့ခိုင်မာစေခြင်းလက္ခဏာ ရှိပေ၏”
“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”
(ကျမ်းရင်း၌ အားနည်းသောစစ်သည်ကို ပြည်ရှင်မင်းက စစ်ကူထပ်၍ ဖြည့်ပေးသဖြင့် အားပြည့် လာကာ တစ်ဖက်စစ်တပ်များကို ဖျက်ဆီးနိုင်ပုံကိုလည်း ဥပမာပြုသေး၏။)
၁၃။ သတိသည် အဘယ်လက္ခဏာရှိသနည်း
“အရှင်နာဂသေနဘုရား၊ သတိသည် အဘယ်လက္ခဏာ ရှိပါသနည်း”
“မင်းမြတ်၊ သတိသည် မမေ့ပျောက်စေခြင်းလက္ခဏာ ရှိ၏။ သိမ်းဆည်းခြင်းလက္ခဏာလည်း ရှိပေ၏”
“အရှင်ဘုရား၊ သတိသည် အဘယ်သို့လျှင် မပျောက်ပျက်စေခြင်း လက္ခဏာ ရှိပါသနည်း”
“မင်းမြတ်၊ သတိတရား ဖြစ်ပေါ်လာလတ်သော် ကုသိုလ်၊ အကုသိုလ် တရားတို့ကို မမေ့ပျောက် စေဘဲ သိသိမှတ်မှတ် ရှုမြင်သုံးသပ်ကာ မှီဝဲသင့်သောကုသိုလ်တရားတို့ကို မှီဝဲ၏။ မမှီဝဲသင့်သော အကုသိုလ်တရားတို့ကို မမှီဝဲပေ။ ဤသို့လျှင် သတိသည် မမေ့ပျောက်စေခြင်းလက္ခဏာ ရှိပေ၏။”
“အရှင်ဘုရား၊ ဥပမာ ပြုတော်မူပါဦး”
“မင်းမြတ်၊ စကြဝတေးမင်း၏ ဘဏ္ဍာစိုးသည် ဆင်၊ မြင်း၊ စစ်သည်များနှင့်တကွ ရွှေ၊ ငွေ၊ ဘဏ္ဍာ၊ ဥစ္စာ အားလုံးကို ရေတွက်ကာ နံနက်ခင်းမှာ လည်းကောင်း၊ ညနေခင်းမှာ လည်းကောင်း စကြဝတေးမင်းထံ လျှောက်တင်ကာ စည်းစိမ်ဥစ္စာတို့ကို မမေ့မပျောက်အောင် ဆောင်ရွက်ရာ၏။
မင်းမြတ်၊ ဤအတူပင် သတိတရား ဖြစ်ပေါ်လာလတ်သော် ကုသိုလ်၊ အကုသိုလ်တရားတို့ကို မမေ့ပျောက်စေဘဲ သိသိမှတ်မှတ် ရှုမြင်သုံးသပ်ကာ မှီဝဲသင့်သော ကုသိုလ်တရားတို့ကို မှီဝဲ၏။ မမှီဝဲသင့်သော အကုသိုလ်တရားတို့ကို မမှီဝဲပေ”
“အရှင်ဘုရား၊ သတိသည် အဘယ်သို့လျှင် သိမ်းဆည်းခြင်း လက္ခဏာ ရှိပါသနည်း”
“မင်းမြတ်၊ သတိတရား ဖြစ်ပေါ်လာလတ်သော် ဤတရားတို့ကား အကျိုးစီးပွားဖြစ်ရှိကုန်၏။ ဤတရားတို့ကား အကျိုးစီးပွားမရှိကုန်ဟု စူးစမ်းဆင်ခြင်သုံးသပ်ကာ အကျိုးစီးပွားမရှိသော တရားတို့ကိုစွန့်ပယ်၍ အကျိုးစီးပွားရှိသောတရားတို့ကို သိမ်းဆည်း၏။ ဤသို့လျှင် သတိသည် သိမ်းဆည်းခြင်း လက္ခဏာ ရှိပေ၏”
“အရှင်ဘုရား၊ ဥပမာ ပြတော်မူပါဦး”
“မင်းမြတ်၊ စကြဝတေးမင်း၏ သားကြီး သြရသသည် ‘ဤသူတို့ကား မင်းအပေါ် ကျေးဇူးပြုကုန်၏။ ဤသူတို့ကား မင်းအပေါ် ကျေးဇူးမပြုကုန်ဟု စူးစမ်းဆင်ခြင်ကာ ကျေးဇူးမပြုသော သူတို့ကို ထုတ်ပယ်ပစ်၏။ ကျေးဇူးပြုသောသူတို့ကို သိမ်းသွင်း၍ ချီးမြှောက်ထောက်ပံ့၏။ ဤသို့လျှင် သတိသည် သိမ်းဆည်းခြင်း လက္ခဏာ ရှိပေ၏”
“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”
ဆက်ရန်-