အခန်း – ၀၂၊ အပိုင်း – ၀၄ ကို ဤတွင်ဖတ်ရှုရန်…
မိလိန္ဒပဉှာကျမ်း – အဆက်
၇။ ယောနိသောမနသိကာရသည် ပညာလော
“အရှင်နာဂသေနဘုရား၊ ယောနိသော မနသိကာရ ဟူသော အသင့်အတင့် နှလုံးသွင်းခြင်းကြောင့် တစ်ဖန် ပဋိသန္ဓေ မနေရခြင်း မဟုတ်ပါလော”
“မင်းမြတ်၊ ယောနိသော မနသိကာရကြောင့်လည်းကောင်း၊ ပညာကြောင့်လည်းကောင်း၊ သဒ္ဓါစသော အခြားကုသိုလ်တရားတို့ကြောင့်လည်းကောင်း တစ်ဖန် ပဋိသန္ဓေမနေရခြင်း ဖြစ်ပေ၏”
“အရှင်ဘုရား၊ ယောနိသော မနသိကာရသည်လျှင် ပညာ မဟုတ်ပါလော”
“မင်းမြတ်၊ ယောနိသော မနသိကာရသည် ပညာမဟုတ်ပေ။ ယောနိသော မနသိကာရက တခြား၊ ပညာက တခြားသာတည်း။ အမှန်အားဖြင့် ဆိတ်၊ သိုး၊ ကျွဲ၊ နွား၊ ကုလားအုတ်၊ မြည်း ဟူသော သတ္တဝါတို့မှာလည်း နှလုံးသွင်းမှုဟူသော မနသိကာရ ရှိသည်သာတည်း။ သို့ရာတွင် ထိုသတ္တဝါ တို့မှာ ပညာကား မရှိချေ”
“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”
၈။ မနသိကာရနှင့် ပညာတို့ မည်သို့ ထူးသနည်း
“အရှင်နာဂသေနဘုရား၊ မနသိကာရသည် အဘယ်လက္ခဏာ ရှိပါသနည်း။ ပညာသည် အဘယ် လက္ခဏာ ရှိပါသနည်း။”
“မင်းမြတ်၊ မနသိကာရသည် စုစည်းခြင်းလက္ခဏာ ရှိ၏။ ပညာသည် ပိုင်းဖြတ်ခြင်း လက္ခဏာ ရှိ၏”
“အရှင်ဘုရား၊ မနသိကာရသည် အဘယ်ကဲ့သို့ စုစည်းခြင်း လက္ခဏာရှိပါသနည်း။ ပညာသည် အဘယ်ကဲ့သို့ ပိုင်းဖြတ်ခြင်း လက္ခဏာ ရှိပါသနည်း။ ဥပမာ ပြတော်မူပါဦး”
“မင်းမြတ်၊ မုယောစပါးရိတ်သူတို့သည် အဘယ်သို့ ရိတ်ကြပါကုန်သနည်း”
“အရှင်ဘုရား၊ မုယောစပါး ရိတ်သောသူတို့သည် လက်ဝဲလက်ဖြင့် မုယောစပါးပင်တို့ကို စုစည်းဆုပ်ကိုင်၍ လက်ယာလက်မှ တံစဉ်ဖြင့် ပိုင်းဖြတ်ရိတ်လှီးကြပါသည်။”
“မင်းမြတ်၊ ထို့အတူပင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်တို့သည် မနသိကာရဖြင့် မိမိစိတ်ကို စုစည်း၍ ပညာဖြင့် ကိလေသာတို့ကို ဖြတ်ကြပေ၏”
“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”
ဆက်ရန်-