အခန်း – ၀၂၊ အပိုင်း – ၀၁ ကို ဤတွင်ဖတ်ရှုရန်…
မိလိန္ဒပဉှာကျမ်း – အဆက်
၂။ ခုနှစ်ဝါဟူသည် အဘယ်နည်း
“အရှင်နာဂသေနဘုရား၊ အရှင်ဘုရားသည် ဝါတော် မည်မျှ ရပြီနည်း”
“မင်းမြတ်၊ ခုနှစ်ဝါ ရပေပြီ”
“ခုနှစ်ဝါဟူသည် အဘယ်ပါနည်း။ အရှင်ဘုရားသည်ပင် ခုနှစ်ဝါလော။ ဂဏန်းသည်ပင် ခုနှစ်ဝါလော”
ထိုအချိန်၌ မိလိန္ဒမင်း၏အရိပ်သည် မြေကြီးပေါ်မှာလည်း ထင်နေ၏။ ရေအိုးကြီးထဲက ရေပြင်ပေါ် မှာလည်း ထင်ဟပ်နေ၏။ အရှင်နာဂသေနသည် ထိုအရိပ်တို့ကိုပြ၍ တုံ့ပြန်မေးခွန်း ထုတ်၏။
“မင်းမြတ်၊ သင်မင်းမြတ်၏ အရိပ်သည် မြေကြီးပေါ်မှာလည်းကောင်း၊ ရေအိုးကြီးထဲက ရေပြင်ပေါ်မှာလည်းကောင်း ထင်ဟပ်နေ၏။ သင်မင်းမြတ်သည်ပင် မိလိန္ဒမင်းလော။ ထင်ဟပ် နေသော အရိပ်သည်ပင် မိလိန္ဒမင်းလော”
“အရှင်ဘုရား၊ တပည့်တော်သည်သာလျှင် မိလိန္ဒမင်း ဖြစ်ပါသည်။ ထင်ဟပ်နေသော အရိပ်ကား မိလိန္ဒမင်း မဟုတ်ပါ။ အမှန်စင်စစ်အားဖြင့် တပည့်တော်ကို အမှီပြု၍သာလျှင် အရိပ်ထင်နေခြင်း ဖြစ်ပါသည်။”
“မင်းမြတ်၊ ဤအတူသာပင်တည်း။ သိက္ခာဝါ အရေအတွက်တို့သည် ခုနှစ်ဝါတို့ ဖြစ်ကုန်၏။ ငါသည်ကား ခုနှစ်ဝါ မဟုတ်ပေ။ အမှန်စင်စစ်အားဖြင့် ငါ့ကိုအမှီပြု၍သာလျှင် ခုနှစ်ဝါဟူ၍ ရေတွက်ရပေသည်။”
“အရှင်ဘုရားသည် ပြဿနာကို ပြေလည်စွာ ဖြေကြားနိုင်ပါပေ၏”
၃။ အရှင်ဘုရား ဘာကိုဖြေပါသနည်း။
“အရှင်နာဂသေနဘုရား၊ အရှင်ဘုရားသည် တပည့်တော်နှင့်အတူ ပြောဆိုဆွေးနွေးပါမည်လော”
“မင်းမြတ်၊ ပညာရှိတို့၏သဘောဖြင့် ပြောဆိုဆွေးနွေးပါလျှင် ပြောဆိုဆွေးနွေးပါအံ့။ မင်းတို့၏ သဘောဖြင့် ပြောဆိုဆွေးနွေးပါလျှင်ကား မပြောဆို မဆွေးနွေးလိုပါ”
“အရှင်ဘုရား၊ ပညာရှိတို့သည် အဘယ်သို့ ပြောဆိုဆွေးနွေးကြပါကုန်သနည်း”
“မင်းမြတ်၊ ပညာရှိတို့ ပြောဆိုဆွေးနွေးကြရာတွင် တစ်ဖက်သားကို စကားဖြင့် ဖမ်း၍ ချုပ်နှောင်ကြ ပါကုန်၏။ ဖမ်းချုပ်ပြီးမှ ပြန်၍လည်း လွှတ်ပေးကြကုန်၏။ တစ်ဖက်သားကို နှိမ်ချသည်လည်း ရှိကုန်၏။ ချီးမြှောက်သည်လည်း ရှိကြကုန်၏။ အကျွမ်းတဝင် ပြုသည်လည်း ရှိကုန်၏။ တုံ့ပြန်၍ အကျွမ်းတဝင် ပြုသည်လည်း ရှိကုန်၏။ ထိုသို့ပြုလုပ်သော်လည်း ပညာရှိတို့သည် အမျက် မထွက်ကြချေ။ ပညာရှိတို့သည် ဤသို့ ပြောဆို ဆွေးနွေးကြပါကုန်၏။”
“အရှင်ဘုရား၊ မင်းတို့သည် အဘယ်သို့ ပြောဆိုဆွေးနွေးကြပါကုန်သနည်း”
“မင်းမြတ်၊ မင်းတို့ ပြောဆိုဆွေးနွေးကြသောအခါ တစ်စုံတစ်ခုသော အချက်အလက်ကို သဘောတူ အတည်ပြုထားကြကုန်၏။ ထိုအချက်အလက်ကို တစ်စုံတစ်ယောက်က ဖောက်ဖျက်၍ ပြန်လည် ငြင်းခုံလျှင် ထိုသူကို အပြစ်ဒဏ်ပေးကြကုန်၏။ မင်းတို့သည် ဤသို့လျှင် တိုင်ပင်ဆွေးနွေး ကြပါကုန်၏”
“အရှင်ဘုရား၊ တပည့်တော်သည် ပညာရှိတို့၏သဘောဖြင့် ပြောဆိုဆွေးနွေးပါအံ့။ မင်းတို့၏ သဘောဖြင့် မပြောဆို မဆွေးနွေးပါ။ ရဟန်း၊ သာမဏေ၊ ဒါယကာ၊ အရံစောင့်တို့နှင့် ပြောဆို ဆွေးနွေးသကဲ့သို့ပင် ရဲရဲဝံ့ဝံ့ ဆွေးနွေးတော်မူပါ၊ တပည့်တော်ကို မကြောက်ပါလင့်”
“မင်းမြတ်၊ ကောင်းပါပြီ”
“အရှင်ဘုရား၊ တပည့်တော် မေးပါအံ့”
“မင်းမြတ်၊ မေးပါလော့”
“တပည့်တော် မေးပြီးပါပြီ”
“ငါလည်း ဖြေပြီးပါပြီ”
“အရှင်ဘုရား၊ ဘာကို ဖြေပါသနည်း”
“သင်မင်းမြတ်ကော ဘာကို မေးပါသနည်း”
ဆက်ရန် –