မိလိန္ဒပဉှာကျမ်း – အဆက်
မိလိန္ဒပဉှာကျမ်းကို တင်ဆက်ပေးခဲ့သည်မှာ အခန်း(၁) ပြီးဆုံးခဲ့ပါပြီ။ အခန်း(၁) ကို အပိုင်း ၉ ပိုင်းခွဲ၍ တင်ဆက်ပေးခဲ့ပြီးဖြစ်ပါသည်။ ယခုမှစ၍ အခန်း(၂) ကို စတင် တင်ဆက်ပေးပါမည်။ ယခင် အခန်း(၁) အပိုင်း(၉) ကို ဤနေရာတွင်နှိပ်၍ သွားရောက်ဖတ်ရှုနိုင်ပါသည်။
**************************************************************************************
အခန်း ၂
မိလိန္ဒပဉှာကဏ္ဍ
ယောနိသောမနသိကာရ တည်းဟူသော အသင့်အတင့် နှလုံးသွင်းမှုသည် စိတ်ကို စုရုံးပေါင်းစည်းစေ၏။ ဝိပဿနာပညာသည် ခွဲခြားပိုင်းဖြတ်၏။ လက်တစ်ဖက်က စပါးပင်ကို ဆုပ်ကိုင်၍ လက်တစ်ဖက်က တံစဉ်ဖြင့် ရိတ်ဖြတ်သကဲ့သို့တည်း။
၁။ အမည်နာမသည် တကယ်ရှိသလော
“အရှင်ဘုရားသည် အဘယ်အမည် ရှိပါသနည်း”
“မင်းမြတ်၊ ငါ့ကို နာဂသေန ဟူ၍ သီတင်းသုံးဖော်တို့က ခေါ်ကြကုန်၏။ နာဂသေန ဟူ၍လည်းကောင်း၊ သူရသေန ဟူ၍လည်းကောင်း၊ ဝီရသေန ဟူ၍လည်းကောင်း၊ သီဟသေန ဟူ၍လည်းကောင်း အမိ၊ အဖတို့က မှည့်ခေါ်ကြကုန်၏။ သို့ရာတွင် နာဂသေန ဟူသော အမည်သည် ခေါ်ဆို၍ လွယ်ကူစေရန် မှည့်ထားသော အမည်မျှသာတည်း။ နာဂသေန ဟူရာ၌ ပုဂ္ဂိုလ်ကို တကယ်ရှိသည်ဟု ဉာဏ်ဖြင့် ကြည့်ရှု၍ မရနိုင်ပါ”
မိလိန္ဒမင်းသည် ဤစကားကို ဆွဲကိုင်၍ ဝါဒတိုက်ပွဲ ဆင်နွှဲလိုသဖြင့်
“အို ယောနက အမတ်ငါးရာတို့၊ အို ရဟန်း ရှစ်သောင်းတို့၊ ကျွန်ုပ်၏ စကားကို နားစိုက် ကြကုန်လော့။ ဤ နာဂသေန သည် ‘နာဂသေန ဟူရာ၌ ပုဂ္ဂိုလ်က တကယ်ရှိသည် ဟု ဉာဏ်ဖြင့် ကြည့်ရှု၍ မရနိုင်’ ဟု ဆိုဘိ၏။ နာဂသေန၏ စကားကို လက်ခံခြင်းငှာ သင့်ပါ၏လော” ဟု တိုင်တည် ပြောကြားပြီးလျှင် ဆက်လက်၍ မေးလျှောက်၏။
“အရှင်နာဂသေနဘုရား၊ ပုဂ္ဂိုလ် သတ္တဝါ ဟူ၍ ရှုမြင်၍ မရနိုင်ပါလျှင် အဘယ်သူသည် အရှင်ဘုရား တို့အား သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ အိပ်ရာနေရာ နှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းပါသနည်း။ ထိုပစ္စည်းလေးပါးကို အဘယ်သူ သုံးဆောင်ပါသနည်း။ အဘယ်သူသည် သီလ စောင့်ထိန်း ပါသနည်း။ အဘယ်သူသည် ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပါသနည်း။ အဘယ်သူသည် ငါးပါးသီလကို ချိုးဖောက်ကျူးလွန်ပါသနည်း။ အဘယ်သူသည် အနန္တရိယကံကြီးငါးပါးကို ပြုလုပ်ပါသနည်း။ ထို့ကြောင့် ကုသိုလ် ဟူ၍ မရှိပြီ။ အကုသိုလ် ဟူ၍ မရှိပြီ။ ကုသိုလ်ကံ၊ အကုသိုလ်ကံ တို့ကို ပြုလုပ်သူ လည်းကောင်း၊ ပြုလုပ်စေသူ လည်းကောင်း မရှိတော့ပြီ။ ကုသိုလ်ကံ၊ အကုသိုလ်ကံ တို့၏ အကျိုးတရား မရှိတော့ပြီ။ အကယ်၍ တစ်စုံတစ်ယောက်သည် အရှင်ဘုရားတို့ အား သတ်ဖြတ်ငြားအံ့။ ထိုသူမှာ ပါဏာတိပါတကံ မထိုက်တော့ပြီ။ အရှင်ဘုရားတို့မှာ ဆရာဟူ၍ မရှိတော့ပြီ။ ဥပဇ္ဈာယ် ဟူ၍ မရှိတော့ပြီ။ ရဟန်းအဖြစ် မရှိတော့ပြီ။ ‘မင်းမြတ်၊ ငါ့ကို နာဂသေနဟူ၍ သီတင်းသုံးဖော်တို့က ခေါ်ကြကုန်၏’ ဟူသော စကား၌ နာဂသေနဟူသည် အဘယ်နည်း။ ဆံပင်တို့သည် နာဂသေနလော”
“မင်းမြတ်၊ ဆံပင်တို့သည် နာဂသေနမဟုတ်ပါ”
“အမွေးတို့သည် နာဂသေနလော”
“အမွေးတို့သည် နာဂသေနမဟုတ်ပါ”
ဤနည်းအတိုင်း သုံးဆယ့်နှစ်ကောဋ္ဌာသ လုံး အမေးအဖြေ ပြုလုပ်ကြ၏။
“ရုပ်သည် နာဂသေနလော”
“ရုပ်သည် နာဂသေန မဟုတ်ပါ”
“ဝေဒနာသည် နာဂသေနလော”
“ဝေဒနာသည် နာဂသေနမဟုတ်ပါ”
“သညာသည် နာဂသေနလော”
“သညာသည် နာဂသေနမဟုတ်ပါ”
“သင်္ခါရတို့သည် နာဂသေနလော”
“သင်္ခါရတို့သည် နာဂသေနမဟုတ်ပါ”
“ဝိညာဉ်သည် နာဂသေနလော”
“ဝိညာဉ်သည် နာဂသေနမဟုတ်ပါ”
“အရှင်ဘုရား၊ အသို့ပါနည်း၊ ခန္ဓာငါးပါးတို့မှ တစ်ပါးသောတရားတို့သည် နာဂသေနမည်သလော”
“မင်းမြတ်၊ ခန္ဓာငါးပါးတို့မှ တစ်ပါးသော တရားတို့လည်း နာဂသေနမဟုတ်ပါ”
“အရှင်ဘုရား၊ တပည့်တော် မေးတိုင်းမေးတိုင်း နာဂသေနကို မတွေ့မြင်ရပါ။ နာဂသေနဟု ပြောဆိုသော အသံသည်ပင် နာဂသေနလော”
“မင်းမြတ်၊ ထိုအသံသည်လည်း နာဂသေနမဟုတ်ပါ”
“အရှင်ဘုရား၊ ဤနာဂသေနဟူရာ၌ အဘယ်သည် နာဂသေန မည်ပါသနည်း။ အရှင်ဘုရားသည် မဟုတ်မမှန် ပြောဆိုသည်တကား”
ဤသို့ မိလိန္ဒမင်းက အပြစ်တင်၍ ပြီးဆုံးသွားသောအခါ အရှင်နာဂသေနက တုံ့ပြန်မေးခွန်း ထုတ်၏။
“မင်းမြတ်၊ သင်မင်းမြတ်သည် မင်းတို့၏ နူးညံ့ခြင်းဖြင့် နူးညံ့လှ၏။ မွန်းတည့်ချိန်အောက်၌ သဲမြေပြင်သည် ပူလောင် ကြမ်းတမ်းလှ၏။ ကျောက်စရစ်ခဲ၊ အိုးခြမ်းကွဲတို့ကလည်း အနှံ့အပြား ရှိနေကြ၏။ ထိုကဲ့သို့သော မြေအပြင်ဝယ် သင်မင်းမြတ်သည် ခြေကျင်လျှောက်လာရလျှင် ခြေထောက်များ ကျိန်းစပ်နာကျင်ကြပေလိမ့်မည်။ ကိုယ်ခန္ဓာ ပင်ပန်းနွမ်းနယ် ပေလိမ့်မည်။ ဒုက္ခဝေဒနာကို ခံစားရပေလိမ့်မည်။ အသို့နည်း၊ သင်မင်းမြတ်သည် ခြေကျင်လာခဲ့ပါသလော။ ရထားစီး၍ လာခဲ့ပါသလော”
“အရှင်ဘုရား၊ တပည့်တော်သည် ခြေကျင်မလာခဲ့ပါ။ ရထားစီး၍ လာခဲ့ပါ၏”
“မင်းမြတ်၊ သင်မင်းမြတ်သည် ရထားစီး၍ လာခဲ့ပါလျှင် ရထားကို ပြဆိုပါလော့။ ရထားသန် သည် ရထားပေလော”
“အရှင်ဘုရား၊ ရထားသန် သည် ရထားမဟုတ်ပါ”
“ဝင်ရိုးသည် ရထားပေလော”
“ဝင်ရိုးသည် ရထားမဟုတ်ပါ”
“ဘီးတို့သည် ရထားပေလော”
“ဘီးတို့သည် ရထားမဟုတ်ပါ”
“ရထားအိမ်သည် ရထားပေလော”
“ရထားအိမ်သည် ရထားမဟုတ်ပါ”
“ရထားဒေါက်သည် ရထားပေလော”
“ရထားဒေါက်သည် ရထားမဟုတ်ပါ”
“ထမ်းပိုးသည် ရထားပေလော”
“ထမ်းပိုးသည် ရထားမဟုတ်ပါ”
“ကြိုးသည် ရထားပေလော”
“ကြိုးသည် ရထားမဟုတ်ပါ”
“နှင်တံသည် ရထားပေလော”
“နှင်တံသည် ရထားမဟုတ်ပါ”
“မင်းမြတ်၊ မည်သို့ပါနည်း။ ရထားသန်စသော အင်္ဂါ အစိတ်အပိုင်းတို့သည် ရထားပေလော”
“အရှင်ဘုရား၊ ထို အင်္ဂါအစိတ်အပိုင်းတို့သည် ရထားမဟုတ်ပါ”
“ထိုအင်္ဂါအစိတ်အပိုင်းတို့ကို ဖယ်ထား၍ တခြားမှာ ရထားရှိသေးသလော”
“ထိုအင်္ဂါအစိတ်အပိုင်းတို့ကို ဖယ်ထား၍ တခြားမှာ ရထားမရှိပါ”
“မင်းမြတ်၊ သင် မင်းမြတ်ကို မေးတိုင်းမေးတိုင်း ရထားကို မတွေ့မြင်ရပါ။ ရထားဟု ခေါ်ဝေါ်သော အသံသည်ပင် ရထားပေလော”
“အရှင်ဘုရား၊ ရထားဟုခေါ်သော အသံသည် ရထားမဟုတ်ပါ”
“မင်းမြတ်၊ ဤနေရာ၌ ရထားသည် အဘယ်ပါသနည်း။ သင်မင်းမြတ်သည် မဟုတ်မမှန် ပြောဆိုချေသည်တကား။ အို – မင်းမြတ်၊ သင်မင်းမြတ်သည် ဤဇမ္ဗူဒိပ်တစ်ကျွန်းလုံး၌ အမြတ်ဆုံးသော မင်းဖြစ်ပေ၏။ သို့ပါလျက် မည်သူ့ကို ကြောက်ရွံ့၍ မဟုတ်မမှန် ပြောဆိုနေရ ပါသနည်း။ အို – ငါးရာသော ယောနက အမတ်တို့၊ အို – ရှစ်သောင်းသော ရဟန္တာအရှင်မြတ် တို့ဘုရား၊ တပည့်တော်၏ စကားကို နားစိုက်ကြပါကုန်လော့။ ဤမိလိန္ဒမင်းက ‘တပည့်တော်သည် ရထားစီး၍ လာခဲ့ပါ၏’ ဟု လျှောက်ထားခဲ့ပါ၏။ ‘မင်းမြတ်၊ သင်သည် ရထားစီး၍ လာခဲ့ပါလျှင် ရထားကို ပြဆိုပါလော့’ ဟု တပည့်တော် ပြောဆိုခဲ့ပါ၏။ သို့ပါလျက် သူသည် ရထားကို ရေရေရာရာ မပြဆိုနိုင်ပါ။ ဤသို့ဖြစ်လျှင် မိလိန္ဒမင်း၏စကားကို လက်ခံထိုက်ပါသလော”
ဤတွင် ယောနက အမတ်ငါးရာတို့သည် အရှင်နာဂသေနကို ကောင်းချီး ပေးကြကုန်၏။
“အရှင်နာဂသေနဘုရား၊ တပည့်တော်သည် မဟုတ်မမှန် ပြောဆိုသည် မဟုတ်ပါ။ ရထားသန်စသော အင်္ဂါအစိတ်အပိုင်းတို့ကို အကြောင်းပြု၍ ရထားဟူ၍ အမည်နာမ ပညတ်ထားခြင်းမျှသာ ဖြစ်ပါသည်”
“မင်းမြတ်၊ သင်မင်းမြတ်သည် ရထားကို ကောင်းစွာ သိပါပေ၏။ ဤအတူသာပင်၊ ဆံပင်၊ မွေးညင်းစသော သုံးဆယ့်နှစ်ကောဋ္ဌာသ တို့ကိုလည်းကောင်း၊ ရုပ်၊ ဝေဒနာစသော ခန္ဓာငါးပါးတို့ကို လည်းကောင်း အစွဲပြု၍ နာဂသေနဟူ၍ အမည်နာမ ပညတ်ထားခြင်းမျှသာ ဖြစ်ပါသည်။ ဤနာဂသေနဟူရာ၌ အဟုတ်ရှိ၊ တကယ်ရှိသော သဘောအားဖြင့် ပုဂ္ဂိုလ်ကို မရရှိနိုင်ပေ။ ထို့ကြောင့်ပင် ‘ဝဇီရာ’ မည်သော ဘိက္ခုနီသည် ဘုရားရှင်၏ မျက်မှောက်တော်၌ ‘ရထားသန်၊ ဝင်ရိုး၊ ထမ်းပိုးစသော ရထား၏အစိတ်အပိုင်းတို့ကြောင့် ရထားဟူသော အမည်နာမ ဖြစ်ပေါ်လာရ ဘိသကဲ့သို့ ဤအတူပင် ရူပက္ခန္ဓာစသော ခန္ဓာငါးပါးတို့ ရှိလတ်ကုန်သော် သတ္တဝါ ဟူသော အမည်နာမ ဖြစ်ပေါ်လာရ၏’ ဟု ထုတ်ဖော် လျှောက်ထားခဲ့ပေသည်”
“အရှင်နာဂသေနဘုရား၊ အံ့ဖွယ်ရှိပါပေစွ။ မဖြစ်စဖူး ထူးကဲပါပေစွ။ အလွန်တရာ ဆန်းကြယ်လှစွာသော ပြဿနာတို့ကို ပြေလည်အောင် ဖြေဆိုတော်မူနိုင်ပါပေစွ။ အကယ်၍ ယခုအချိန်ထိ ဘုရားရှင် သက်တော်ထင်ရှား ရှိနေတော်မူပါလျှင် “နာဂသေန၊ ကောင်းပေစွ၊ ကောင်းပေစွ” ဟူ၍ ကောင်းချီးနုမော် သာဓုခေါ်တော်မူမည်သာ ဖြစ်ပါသည် ဘုရား”