အခန်း – ၀၁၊ အပိုင်း – ၀၈ ကို ဤတွင်ဖတ်ရှုရန်…
မိလိန္ဒပဉှာကျမ်း – အဆက်
မိလိန္ဒမင်းနှင့် အရှင် နာဂသေနတို့ တွေ့ဆုံခြင်း
ထိုအခါ မိလိန္ဒမင်းသည် လက်ခမောင်းခတ်လျက် အို – အချင်းတို့၊ ဇမ္ဗူဒိပ်ကျွန်းသည် အချည်းနှီး ဖြစ်လေစွတကား။ အို – အချင်းတို့၊ ဇမ္ဗူဒိပ်ကျွန်းသည် အဖျင်းအတိသာ ဖြစ်လေစွတကား။ သိလိုရာရာ မေးမြန်းရန်၊ ယုံမှားသင်္ကာကို ပယ်ဖျောက်ရန် သမဏ၊ ဗြဟ္မဏတစ်စုံ တစ်ယောက်မျှ မရှိချေတကား ဟု ကြွေးကြော်ပြောဆို၏။ ဤသို့ ကြွေးကြော် ပြောဆိုပြီးနောက် ယောနက အမတ်ငါးရာတို့ကို အကဲခတ်လိုက်ရာ ယခင်နှင့်မတူ တစ်မူထူးခြား နေသည်ကို တွေ့လိုက်ရ၏။ ယခင်အကြိမ်များတုန်းက မျက်နှာညှိုးနွမ်း၊ မလန်းမရွှင် ဖြစ်နေခဲ့ကြသော ယောနက အမတ်ငါးရာ တို့သည် ယခုတစ်ကြိမ် ကြွေးကြော်ရာတွင်ကား သူတို့ အားလုံး၏ မျက်နှာတို့သည် မညှိုးမနွမ်း လန်းရွှင်လျက်သာ ရှိနေကြ၏။ ထို့ကြောင့် မိလိန္ဒမင်းက “အချင်းတို့၊ ငါနှင့် ယှဉ်ပြိုင်၍ ပြောဆိုနိုင်သော၊ ငါ၏ ယုံမှားသင်္ကာကို ပယ်ဖျောက်ပေးနိုင်သော ပညာရှိရဟန်းတစ်ပါးပါး ရှိနေပါသလော” ဟု မေးမြန်း၏။
ထိုအခါ ယောနက အမတ်တို့က “မင်းမြတ်၊ အရှင်နာဂသေန မည်သော ရဟန်းသည် ရဟန်း အပေါင်း ခြံရံလျက်၊ အသင်္ချေယျပရိဝုဏ်၌ သီတင်းသုံးတော် မူနေပါအံ့။ ထိုအရှင်နာဂသေနသည် ထိုးထွင်းသော ဉာဏ်ရှိပါ၏။ တရားဒေသနာတော်၌ ကျွမ်းကျင်လိမ္မာပါ၏။ တရားသဘောကို ထင်ရှားအောင် ဟောကြားပြသ ဆုံးမနိုင်ပါ၏။ ရဲရင့်တည်ကြည်သော စိတ်သဘောရှိပါ၏။ ပိဋက သုံးပုံကို ဆောင်ပါ၏။ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ပဋိသမ္ဘိဒါဉာဏ် ရရှိသူ ဖြစ်ပါ၏”
ဤသို့ စသည်ဖြင့် အရှင်နာဂသန၏ ဂုဏ်ကျေးဇူးကို ချီးကျူးထုတ်ဖော်၍ လျှောက်တင် ကြ၏။ နာဂသေနဟူသော အသံကို ကြားရသည်နှင့် တစ်ပြိုင်နက် မိလိန္ဒမင်း၏သန္တန်၌ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းတို့ ဖြစ်ပေါ်လာကုန်၏။ ထို့နောက် မိလိန္ဒမင်းသည် ဒေဝမန္တိယ အမတ်အား “အရှင်မြတ်၏ အထံသို့ တမန်စေလွှတ်လော့” ဟု မိန့်ကြား၏။ ဒေဝမန္တိယအမတ်သည် မင်းချင်းတစ်ယောက်အား အရှင်နာဂသေနထံသို့ စေလွှတ်ကာ “အရှင်ဘုရား၊ မိလိန္ဒမင်းသည် အရှင်ဘုရားကို ဖူးမြင်လိုပါ၏” ဟု လျှောက်ထားရန် ညွှန်ကြား လိုက်၏။ ညွှန်ကြားသည့်အတိုင်း မင်းချင်းက လျှောက်ထားသောအခါ အရှင်နာဂသေန က “လာလိုလျှင် လာခဲ့ပါလော့” ဟု မိန့်ကြားလိုက်လေသည်။
အရှင်နာဂသေနက လာခွင့်ပြုလိုက်ပြီဖြစ်၍ မိလိန္ဒမင်းသည် ယောနက အမတ်ငါးရာ ခြံရံကာ မြင့်မြတ်သော ရထားကို စီးလျက် အသင်္ချေယျပရိဝုဏ်သို့ လာခဲ့၏။ ထိုအချိန်၌ အရှင်နာဂသေနသည် ရှစ်သောင်းသော ရဟန်းများနှင့် အတူ စည်းဝေးရာ တန်ဆောင်း၍ ထိုင်လျက် ရှိနေ၏။ မိလိန္ဒမင်းသည် အရှင်နာဂသေန၏ ပရိသတ်ကို ရှုမြင်ရသောအခါ ကြံ့တို့၏ ဝိုင်းဝန်းပိတ်ဆီးခြင်းကို ခံနေရသော ဆင်ပြောင်ကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လာ၏။ သို့ရာတွင် ရာဇဣန္ဒြေကို မပျက်စေဘဲ ဆက်လက်၍ ခြေကျင် လှမ်းလာခဲ့ရာမှ “အချင် ဒေဝမန္တိယ၊ ‘ဤသူကား နာဂသေနတည်း’ ဟု သင်က ငါ့ကို မပြောကြားလင့်။ ငါ ကိုယ်တိုင်သာလျှင် နာဂသေနကို သိအောင် ကြိုးစားအံ့” ဟု မိန့်ဆို၏။
စည်းဝေးရာ တန်ဆောင်း၌ ထိုင်နေကြသော ရဟန်းရှစ်သောင်းတို့ထဲတွင် အရှင်နာဂသေနသည် ရဟန်းလေးသောင်းတို့ထက် သိက္ခာငယ်ကာ ရဟန်းလေးသောင်းတို့ထက် သိက္ခာကြီး၏။ မိလိန္ဒမင်းသည် ရဟန်းရှစ်သောင်း၏ အလယ်၌ ခြင်္သေ့မင်းကဲ့သို့ ရဲတင်းစွာ ထိုင်နေသော အရှင်မြတ်ကို ဖူးမြင်ရသောအခါ ‘ဤသူကား အရှင်နာဂသေနတည်း’ ဟု သိရှိသွား၏။ အရှင်နာဂသေနကို ဟုတ်တိုင်းမှန်စွာ သိရှိနိုင်သဖြင့် မိလိန္ဒမင်းသည် နှလုံးကြည်သာ ဝမ်းမြောက်စွာ ချဉ်းကပ်လာပြီးလျှင် နှုတ်ဆက်စကား လျှောက်ထား၏။ ရှိသေစွာ ရှိခိုးဦးချပြီးလျှင် သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်လျက် သိလိုရာရာ ပြဿနာတို့ကို မေးမြန်း လျှောက်ထားလေသတည်း။
**************************************************************************************
ဤတွင် မိလိန္ဒပဉှာကျမ်း အခန်း(၁) ပြီးဆုံးပါပြီ။ အခန်း (၂) ကို နောက်ရက်များတွင် ဆက်လက်တင်ဆက်ပေးပါ့မည်။
ဆက်ရန် –