မိလိန္ဒပဉှာကျမ်း (အခန်း – ၀၁၊ အပိုင်း – ၀၆)

အခန်း – ၀၁၊ အပိုင်း – ၀၅ ကို ဤတွင်ဖတ်ရှုရန်…

မိလိန္ဒပဉှာကျမ်း – အဆက်

အရှင်နာဂသေန ဆရာကို ပစ်မှားမိခြင်း

ဤသို့ အဘိဓမ္မာပိဋကကို တစ်ဖက်ကမ်းခပ် တတ်မြောက်သော ရှင်နာဂသေနအား အသက်နှစ်ဆယ်ပြည့်လာသောအခါ ရဟန္တာပုဂ္ဂိုလ်တို့က ရက္ခိတကုန်းပြင်၌ ရဟန်းပြုပေး ကြကုန်၏။ ရဟန်းအဖြစ် ရရှိပြီး၍ နောက်တစ်နေ့ နံနက်လင်းသောအခါ အရှင်နာဂသေနသည် ဥပဇ္ဈာယ်ဆရာဖြစ်သော အရှင်ရောဟဏနှင့်အတူ ရွာတွင်းသို့ ဆွမ်းခံဝင်လာစဉ် “ငါ၏ ဥပဇ္ဈာယ်ဆရာသည် အချည်းနှီးပေတကား။ အသိတတ်တရား ကင်းမဲ့လေစွတကား။ ဘုရားရှင် ဟောကြားတော်မူခဲ့သော ဝိနည်းပိဋက၊ သုတ္တန်ပိဋကတို့ကို ငါ့အား သင်ကြား၍ မပေးဘဲ အဘိဓမ္မာပိဋကကိုသာ သင်ကြား၍ ပေးပေသည်တကား” ဟု တွေးတောမိ၏။ အရှင် ရောဟဏသည် အရှင်နာဂသေန တွေးတောသည်ကို သိရှိသဖြင့် “နာဂသေန၊ သင်၏ တွေးတောခြင်းသည် မသင့်လျော်ပေစွတကား” ဟု မိန့်ဆို၏။ ဤတွင် အရှင်နာဂသေနသည် ထိတ်လန့်တကြား အံသြတုန်လှုပ်သွားကာ အရှင်ရောဟဏအား ဝန်ချတောင်းပန်၏။ သို့ရာတွင် အရင်ရောဟဏက “နာဂသေန၊ ငါသည် ဤမျှဖြင့် သည်းမခံနိုင်သေးချေ။ သာဂလမည်သော မြို့တော်၌ ထီးနန်းစိုးစံနေသော မိလိန္ဒမင်းသည် ရဟန်း သံဃာကို ပြဿနာများ မေးခြင်းဖြင့် ညှဉ်းပန်းနှိပ်စက်၍ နေဘိ၏။ ထိုမင်းကို ဆုံးမပြီးလျှင် ဘုရားရှင်၏ သာသနာတော်၌ ကြည်ညိုလာအောင် စွမ်းဆောင်နိုင်ပါမူ သင့်အား ငါသည်းခံအံ့” ဟု မိန့်ဆိုလေသည်။

အရှင်အဿဂုတ္တထံတော်သို့

အရှင်နာဂသေနသည်လည်း အရှင်ရောဟဏ၏ မိန့်ကြားချက်ကို ဝန်ခံပြီးလျှင် “အရှင်ဘုရား၊ ဤဝါတွင်း သုံးလပတ်လုံး မည်သည့် ဆရာ့ထံ၌ နေရပါမည်နည်း” ဟု လျှောက်၏။ အရှင်ရောဟဏသည်  ဝတ္တနိယကျောင်းမှာ သီတင်းသုံးနေသော အရှင်အဿဂုတ္တထံသို့ သွားရောက် ရန် ညွှန်ကြားပြီးလျှင် လျှောက်ထားရန် စကားတို့ကိုလည်း သင်ကြား၍ ပေးလိုက်၏။ အရှင် နာဂသေနသည် အရှင်ရောဟဏအား ရိုသေစွာ ရှိခိုးဦးချပြီးလျှင် သပိတ်သင်္ကန်းတို့ကို ယူဆောင်၍ အစဉ်အတိုင်း လျှောက်လာခဲ့ရာ ဝတ္တနိယကျောင်းသို့ ဆိုက်ရောက်လာ၏။ ဝတ္တနိယ ကျောင်းရှိ အရှင်အဿဂုတ္တထံမှောက်သို့ ရောက်ရှိသောအခါ ရိုသေစွာ ရှိခိုးဦးချလျက်

“အရှင်ဘုရား၊ တပည့်တော်၏ ဥပဇ္ဈာယ်ဆရာသည် အရှင်ဘုရား၏ ခြေတော်အစုံကို ဦးခိုက်ရှိခိုး လိုက်ပါ၏။ ကျန်းမာ ချမ်းသာကြောင်းများ မေးမြန်းလိုက်ပါ၏။ တပည့်တော်၏ ဆရာသည် ဤဝါတွင်း သုံးလတို့ပတ်လုံး အရှင်ဘုရား၏ထံတော်၌ နေထိုင်ရန် တပည့်တော်အား စေလွှတ် လိုက်ပါသည်ဘုရား” ဟု လျှောက်ထားလေရာ အရှင်အဿဂုတ္တမထေရ်က

“သင်ကား မည်သူနည်း”

“အရှင်ဘုရား၊ တပည့်တော် နာဂသေန ဖြစ်ပါသည်ဘုရား”

“သင်၏ ဥပဇ္ဈာယ်ဆရာကား မည်သူနည်း”

“အရှင်ရောဟဏ ဖြစ်ပါသည် ဘုရား”

“ငါ၏အမည်ကား မည်သိုပါနည်း”

“အရှင်ဘုရား၏ အမည်ကို တပည့်တော်၏ ဥပဇ္ဈာယ်ဆရာ သိပါသည်ဘုရား”

“နာဂသေန၊ သင်၏ လျှောက်ထားချက်သည် ကောင်းမွန်ပေစွ၊ ဆရာကောင်းတပည့် ပီသပေစွ၊ သင်၏ သပိတ်သင်္ကန်းတို့ကို ထားသိုပေလော့”

အရှင်အဿဂုတ္တက လက်ခံလိုက်ပြီဖြစ်၍ အရှင်နာဂသေနသည် ယူနိယကျောင်းမှာပင် နေထိုင်၏။ နောက်တစ်နေ့ နံနက်လင်းသောအခါ အရှင်နာဂသေနသည် ဝတ်ကြီးဝတ်ငယ် အားလုံးကို ပြည့်စုံအောင် ဆောင်ရွက်ထား၏။ အရှင်အဿဂုတ္တသည် အရှင်နာဂသေန တံမြက်လှည်းထားပြီးသော နေရာတို့ကို ထပ်မံ၍ တံမြက်လှည်း၏။ အရှင်နာဂသေန ခပ်ထားသော ရေတို့ကို သွန်ပစ်ကာ အခြားရေတို့ကို ခပ်၍ ထည့်၏။ အရှင်နာဂသေန တည်ခင်းထားသော တံပူတို့ကို စွန့်ပစ်ကာ အခြားတံပူတို့ကို သုံးဆောင်စေ၏။ ဤသို့ ခုနှစ်ရက်တိုင်တိုင် မာန ကျိုးအောင် ပြုလုပ်ပြီးခါမှ အရှင်နာဂသေန၏ ဝတ်ကြီးဝတ်ငယ် ပြုစုခြင်းကို လက်ခံလေသည်။

ဆက်ရန် –

Leave a Reply

Your email address will not be published. Required fields are marked *

Show
Hide