အခန်း – ၀၁၊ အပိုင်း – ၀၃ ကို ဤတွင်ဖတ်ရှုရန်…
မိလိန္ဒပဉှာကျမ်း – အဆက်
အရှင်ရောဟဏအား ပြစ်ဒဏ်ပေးခြင်း
အရှင်အဿဂုတ္တနှင့်တကွ ရဟန်းများသည် တာဝတိံသာ၌ ပြုလုပ်ဖွယ်ကိစ္စများ ပြီးစီးသွား ပြီဖြစ်၍ ဟိမဝန္တာတောင်သို့ ပြန်ကြွလာကြ၏။ ရက္ခိတကုန်းပြင်၌ ရဟန်းသံဃာများ စည်းဝေးမိကြသောအခါ အရှင်အဿဂုတ္တက “ငါ့ရှင်တို့၊ ဤအစည်းအဝေးသို့ မတက်ရောက်သော ရဟန်းတစ်ပါးပါး ရှိပါသေးသလော” ဟု မေးမြန်း၏။ ရဟန်းများက “အရှင်ရောဟဏဘုရား၊ ရှိပါသေးသည်။ အရှင်ရောဟဏသည် လွန်ခဲ့သော ခုနှစ်ရက်မှ စတင်၍ ဟိမဝန္တာတောင်သို့ ဝင်ရောက်ကာ နိရောဓသမာပတ် ဝင်စား၍ နေပါသည် ဘုရား” ဟု လျှောက်ထားကြ၏။
ထိုအခိုက်မှာပင် အရှင်ရောဟဏလည်း နိရောဓသမာပတ်မှ ထလာကာ ‘သံဃာသည် ငါ့ကို တောင့်တ၍နေ၏’ ဟု သိရှိသဖြင့် အဘိညာဉ်တန်ခိုးဖြင့် ဟိမဝန္တာတောင်မှ ထွက်ခွာကာ ရဟန်း သံဃာများ၏ ရှေ့မှောက်သို့ ဝင်ရောက်လာလေသည်။
ထိုအခါ အရှင်အဿဂုတ္တက “ငါ့ရှင် ရောဟဏ၊ ဘုရားရှင်၏ သာသနာတော်ကြီး ပျက်စီးမည့် ဘေးရန်နှင့် ကြုံတွေ့လာရသောအခါ သာသနာတော်ကြီး မပျက်စီးစေရန် ရဟန်းသံဃာကို ပြုလုပ် ရမည့် ကိစ္စကို သင်မရှုမြင်ချေသလော” ဟု မေးမြန်းလေရာ အရှင်ရောဟဏက
“အရှင်ဘုရား၊ တပည့်တော် နှလုံးမသွင်းမိပါဘုရား”
“ယင်းသို့ဖြစ်လျှင် သင် ဒဏ်ထမ်းချေလော့”
“အရှင်ဘုရား၊ ဟိမဝန္တာတောင်ခြေ၌ ဂဇင်္ဂလ မည်သော ပုဏ္ဏားရွာကြီး ရှိ၏။ ထိုရွာကြီး၌ နေထိုင်သော သောနုတ္တရမည်သော ပုဏ္ဏား၏ အိမ်တွင် နာဂသေန အမည်တွင်မည့် သားငယ်ကို ဖွားမြင်လာလတ္တံ့။ ထို့ကြောင့် ငါ့ရှင် ရောဟဏသည် ထိုပုဏ္ဏားအိမ်သို့ ခုနှစ်နှစ်နှင့် ဆယ်လ တိုင်တိုင် ဆွမ်းခံဝင်ကာ နာဂသေန သူငယ်ကို လူ့ဘောင်မှ ထုတ်ဆောင်၍ ရှင်သာမဏေ ပြုပေးချေလော့။ နာဂသေနာ သူငယ် ရှင်ဖြစ်ပြီးခါမှ သင်သည် ဒဏ်ထမ်းရခြင်းမှ လွတ်မြောက်ပေလတ္တံ” ဟု မိန့်ကြား၏။ အရှင်ရောဟဏလည်း “ကောင်းပါပြီ အရှင်ဘုရား” ဟု ရိုသေစွာ ဝန်ခံလိုက် လေသည်။
နာဂသေန သူငယ်
မဟာသေန နတ်သားသည် မိမိဝန်ခံထားပြီးသည့်အတိုင်း သောနုတ္တရ ပုဏ္ဏား၏ဇနီး ပုဏ္ဏေးမ၏ ဝမ်း၌ ပဋိသန္ဓေတည်နေလာ၏။ ထိုခဏ၌ပင် လက်နက်ပစ္စည်းတို့သည် အရောင်အဝါ ထွန်းတောက်ပ ကုန်၏။ စိုက်ပျိုးထားသော ကောက်စပါးတို့ ဝင်းမှည့်ပြည့်ဖြိုး ကြကုန်၏။ မိုးကြီး သည်းထန်စွာ ရွာသွန်း၏။ ဤသို့လျှင် အံ့ဖွယ်သရဲ ထူးကဲလှစွာသော နိမိတ်ကြီး သုံးခုတို့ ဖြစ်ပေါ်လာကြကုန်၏။
နာဂသေနသူငယ် ပဋိသန္ဓေတည်နေသော နေ့မှစ၍ အရှင်ရောဟဏသည် သောနုတ္တရ ပုဏ္ဏားအိမ်သို့ ဆွမ်းခံဝင်ခဲ့၏။ သို့ရာတွင် ထိုအိမ်မှ ဆွမ်းတစ်ဇွန်းစာမျှ မရခဲ့ချေ။ ယာဂု တစ်ယောက်ချိုစာမျှ မရရှိချေ။ ယုတ်စွအဆုံး ကန်တော့ပါသေး၏ ဟူသော စကားတစ်ခွန်းကိုပင် မရခဲ့ချေ။ ထိုအပြုအမူတို့အစား ဆဲရေးခြင်း၊ ကြိမ်းမောင်းခြင်းတို့ကိုသာ ခံယူလာခဲ့ရပေသည်။ ဤသို့ဖြင့် ဆယ်လစေ့သောအခါ ပုဏ္ဏေးမသည် နာဂသေန သူငယ်ကို ဖွားမြင်လာ၏။ နာဂသေန သူငယ်သည် မိခင်၊ ဖခင်တို့၏ ပြုစုယုယမှုကို ခံယူကာ အစဉ်သဖြင့် ကြီးထွား၍ လာလေသည်။
သူတော်ကောင်းအတွက် စကားတစ်ခွန်း
အရှင်ရောဟဏလည်း နာဂသေနသူငယ်နှင့် တစ်စုံတစ်ရာ ဆက်စပ်မှု မရှိသေးဘဲ ဆဲရေးခြင်း၊ ကြိမ်းမောင်းခြင်းတို့ကို သည်းခံကာ ဆွမ်းခံဝင်မြဲ ဝင်လျက်ရှိ၏။ နာဂသေန သတို့သား ခုနစ်နှစ်သား အရွယ်သို့ ရောက်လတ်သော် တစ်နေ့သ၌ အရှင်ရောဟဏသည် နာဂသေနတို့အိမ် မှ “အရှင်ဘုရား ကန်တော့ပါသေး၏” ဟူသော စကားတစ်ခွန်းကို မရစဖူး ရလာခဲ့၏။ ထိုနေ့ နံနက်မှာပင် သောနုတ္တရ ပုဏ္ဏားသည်လည်း တောအလုပ်မှ ပြန်လာလေရာ အရှင်ရောဟဏနှင့် ခရီးရင်ဆိုင် ဆုံနေသဖြင့် “အသင်ရဟန်း၊ ငါတို့၏အိမ်မှ တစ်စုံတစ်ရာ ရခဲ့ပါ၏လော” ဟု မေးမြန်း၏။ အရှင်ရောဟဏ “ဒါယကာ၊ ရခဲ့ပါ၏” ဟု ဖြေဆို၏။ သောနုတ္တရ ပုဏ္ဏားသည် မိမိအိမ်မှ ရဟန်းအား တစ်စုံတစ်ရာ လောင်းလှူလိုက်ပြီ ထင်မှတ်၍ စိတ်မချမ်းမသာဖြစ်ကာ အိမ်သို့ပြန်လာပြီးလျှင် “ရဟန်းအား တစ်စုံတစ်ရာ လောင်းလှူမိပါသလော” ဟု အိမ်သူအိမ်သား များကို မေးမြန်း၏။ အိမ်သူအိမ်သားများက တစ်စုံတစ်ရာမျှ မလောင်းလှူလိုက်ကြောင်း ပြောပြ ကြလေသည်။
နောက်တစ်နေ့နံနက်တွင် သောနုတ္တရ ပုဏ္ဏားသည် “ရဟန်းအား မုသာဝါဒဖြင့် စွပ်စွဲ နှိပ်စက်ရပေတော့အံ့” ဟု တွေးတောကာ အိမ်တံခါးမှ စောင့်ကြိုနေ၏။ အရှင်ရောဟဏသည် လည်း နေ့စဉ်ကြွနေကျ အတိုင်း ဆွမ်းခံ ဝင်လာလေရာ သောနုတ္တရ ပုဏ္ဏားက “သင် ရဟန်းတို့ သည် ယမန်နေ့တုန်းက ငါတို့၏အိမ်မှ တစ်စုံတစ်ခုမျှ မရပါဘဲလျက် ရကုန်၏ဟု ဆိုခဲ့ကြကုန်၏။ သင်ရဟန်းတို့အား မုသားပြောဆိုခြင်းသည် ဆက်စပ်ပါသလော” ဟု စွပ်စွဲပြောဆို၏။ အရှင်ရောဟဏက “ပုဏ္ဏား၊ ငါတို့သည် သင်တို့အိမ်သို့ ခုနစ်နှစ်နှင့် ဆယ်လတို့ တိုင်တိုင် ဆွမ်းခံဝင်ခဲ့ကြကုန်၏။ သို့ပါလျက် “ကန်တော့ပါသေး၏” ဟူသော စကားတစ်ခွန်းကို မရစဖူး ရခဲ့သဖြင့် ‘ရကုန်၏’ ဟု ငါတို့ ဆိုခဲ့ကြကုန်၏” ဟု ရှင်းလင်းမိန့်ကြား လိုက်လေသည်။
သောနုတ္တရ ပုဏ္ဏားသည် အရှင်ရောဟဏ၏ ရှင်းလင်းမိန့်ကြားချက်ကို သဘောကျသွား၏။ “ဤရဟန်းတို့ကား ‘ကန်တော့ပါသေး၏’ ဟူသော လောကဝတ်စကားတစ်ခွန်းကို ရရှိရုံမျှဖြင့်ပင် လူတို့အလယ်၌ ‘ရကုန်၏’ ဟု ချီးမွမ်းကြသေး၏။ စားဖွယ်သောက်ဖွယ် တစ်စုံတစ်ခုကိုရလျှင်ကား အဘယ်ဆိုဖွယ်ရာ ရှိပါတော့မည်နည်း” ဟု တွေးတောကာ မိမိအတွက် ချက်ထားသော ထမင်းဟင်းတို့မှ ဆွမ်းတစ်ဇွန်းနှင့် ဟင်းအနည်းငယ်တို့ကို လောင်းလှူစေ၏။ “ဤမျှလောက်သော ဆွမ်းကို အရှင်ဘုရားတို့အား နေ့စဉ်နေ့တိုင်း ရကြပါလိမ့်မည်” ဟုလည်း လျှောက်ထား၏။
သောနုတ္တရ ပုဏ္ဏားသည် နေ့စဉ်နေ့တိုင်း ဆွမ်းခံကြွလာသော အရှင်ရောဟဏ၏ တည်ကြည် ငြိမ်သက်သော ဣန္ဒြေတို့ကို ဖူးမြင်ကာ အလွန်တရာ ကြည်ညို မြတ်နိုးလာသဖြင့် မိမိအိမ်၌သာ အမြဲတမ်း ဆွမ်းဘုဉ်းပေးရန် လျှောက်ထား၏။ အရှင်ရောဟဏလည်း ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံလိုက်၏။ ထို့နောက် အရှင်ရောဟဏသည် သောနုတ္တရ ပုဏ္ဏားအိမ်၌ ဆွမ်းဘုဉ်းပေး၍ ပြီးစီးသောအခါတိုင်း ဘုရားဟော ဒေသနာတော်ကို အတန်အသင့်မျှ ဟောကြားခဲ့လေသည်။
တစ်နေ့သောအခါတွင် သောနုတ္တရ ပုဏ္ဏားသည် နာဂသေန အား ပုဏ္ဏားတို့၏ အတတ်ပညာ၊ စာပေကျမ်းဂန်များကို သင်ယူရန် တိုက်တွန်း ပြောကြား၏။ နာဂသေနကလည်း သင်ယူရန် ဝန်ခံလေ၏။ ဤတွင် သောနုတ္တရပုဏ္ဏားသည် ဆရာပုဏ္ဏားအား အသပြာတစ်ထောင် ပူဇော်ကာ စာပေကျမ်းဂန်များ သင်ကြားပေးပါရန် ပန်ကြား၏။ ဆရာပုဏ္ဏားသည် နာဂသေနတို့၏ ပြာသာဒ်ထက်သို့ တက်ရောက်ကာ တိုက်ခန်းအတွင်း ခင်းထားသော ညောင်စောင်းထက်မှာ နေလျက် နာဂသေနအား စာပေကျမ်းဂန်များ ပို့ချပေး၏။ တစ်ကြိမ်ရွတ်ဆို၍ ပို့ချပေးရုံဖြင့် နာဂသေနသည် ဗေဒင်သုံးပုံတို့ကို နှုတ်ငုံဆောင်နိုင်၏။ သဘောအဓိပ္ပာယ်ကို ဝေဖန်ပိုင်းခြား နိုင်၏။ နိဂဏ္ဍုဟူသော အဘိဓာန်ကျမ်း၊ ကောဋုက ဟူသော အလင်္ကာကျမ်း၊ အက္ခရပ္ပဘေဒ ဟူသော သဒ္ဒါကျမ်း၊ ဣတိဟာသ ဟူသော သမိုင်းကျမ်းတို့ကို တတ်မြောက်၏။ ပဒကျမ်း၊ ဗျာကရုဏ်းကျမ်း၊ ဘောကာယတကျမ်းတို့နှင့်တကွ မဟာပုရိသလက္ခဏာကျမ်းတို့ကို အကုန်အစင် သိမြင်တတ်မြောက်၏။
ဤသို့ ပုဏ္ဏားတို့၏ အတတ်ပညာ၊ စာပေကျမ်းဂန်တို့ကို သင်ကြား တတ်မြောက်ပြီး လတ်သော် နာဂသေနသည် ဖခင်ထံ ချဉ်းကပ်ကာ “ဖခင်၊ ပုဏ္ဏားတို့၏ အတတ်ပညာ၊ စာပေကျမ်းဂန်တို့သည် ဤမျှသာလော။ ဤမျှထက်ပို၍ သင်ကြားရန် ရှိပါသေးသလော” ဟု မေးမြန်း၏။ ဖခင်ပုဏ္ဏားက “ချစ်သား ၊ ဤမျှသာ ဖြစ်ပေသည်။ ဤမျှထက် ပို၍ သင်ကြားရန် မရှိတော့ပါ” ဟု ဖြေကြား၏။ ဤတွင် နာဂသေနသည် ပြာသာဒ်အထက်မှ ဆင်းလာကာ ရွာ၏ အပြင်ဘက်သို့ ထွက်လာခဲ့၏။ ရွာအပြင်ဘက်ရှိ လူသူလေးပါး ကင်းဆိတ်ရာသို့ ချဉ်းကပ် မိသောအခါ ရှေးယခင်က ပြုခဲ့ဖူးသော အထုံဝါသနာတို့က တိုက်တွန်းနှိုးဆော်လာကြသဖြင့် မိမိ သင်ယူထားပြီးခဲ့သော အတတ်ပညာ၊ စာပေကျမ်းဂန်တို့ကို ပြန်လည်သုံးသပ်၏။ အတတ်ပညာ၊ စာပေကျမ်းဂန်တို့၏ အစ၊ အလယ်၊ အဆုံး သုံးပိုင်းလုံးကို အပြန်ပြန် အလှန်လှန် သုံးသပ်ကြည့် ပါသော်လည်း အနှစ်သာရဟူ၍ တစ်စုံတရာမျှကို မတွေ့ရပေ။ သို့ဖြစ်၍ “အချင်းတို့၊ ဤ ဗေဒင်ကျမ်းဂန်တို့သည် အဖျင်းအတိသာ ဖြစ်ကုန်စွတကား” ဟု စိတ်မချမ်းမသာ ဖြစ်နေ ရလေသည်။
ဆက်ရန် –